MNP ၊ ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၆)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး စဉ့်ကူးမြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဦးဝရသာမိထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ ကြွရောက်လာသော သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ဖတ် ချီးမြှင့်ပေးခဲ့သည်။
ထို့နောက် ဆရာတော် အရှင်သူမြတ် (၇) ပါးအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက စုပေါင်းကပ်လှူခဲ့ကြသည်။
ဆက်လက်၍ စဉ့်ကူးမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်က အနုမောဒနာတရား ချီးမြှင့်ကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
ထို့နောက် သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပြီး တရားနာ ကြွရောက်လာသူများအား နံနက်စာ ထမင်းဟင်း၊ အချိုပွဲတို့ဖြင့် တည်ခင်းဧည်ခံခဲ့ကြောင်း သိရသည်။
တင်ဇာလွင်
https://t.me/MyanmarNationalPost



No comments:
Post a Comment