ကျိုက်ထိုမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုးစပါး (၁၈၂၂၉)ဧက ရေနစ်မြုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုးစပါး (၁၈၂၂၉)ဧက ရေနစ်မြုပ်




MNP ၊  ဩဂုတ်  ၁၂

   မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းနေမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားကာ မိုးစပါးစိုက်ဧကပေါင်း(၁၈၂၂၉)ဧကရေနစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

   ကျိုက်ထိုမြိုနယ်တွင်  မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ကျိုက်ထိုမြို့နယ်ရှိစစ်တောင်းမြစ်ရေ မြင့်တက်လာရာ စစ်တောင်းမြစ်ဝှမ်းဒေသများနှင့် ဆက်စပ်လျက်ရှိသည့်ကျေးရွာအုပ်စုများ၌ မိုးစပါးစိုက်ဧကများ ဇူလိုင်လကုန်ပိုင်းမှ စတင်ကာ ရေကြီးနစ်မြုပ်ခဲ့ရကြောင်း သိရသည်။

  

   တောင်သူအများစုအနေဖြင့် ယခုနှစ် မိုးစပါးများ စတင်စိုက်ပျိုးထားသည်မှာ တစ်လခန့်သာရှိနေသေးပြီး ယခုမှ စတင်စိုက်ပျိုးသူများလည်း ရှိကြောင်း၊ ရက်အတော်ကြာ ရေကြီးနစ်မြုပ်ခံရသည့် စပါးပင်များ သေကြေပျက်စီး ထိခိုက်မည်ကို  စိုးရိမ်နေကြောင်း၊ ရက်သတ္တတစ်ပတ်ကျော်ကြာ ရေကြီးနစ်မြုပ်ဆဲဖြစ်သည့် အနိမ့်ပိုင်းလယ်ကွင်းများရှိ စပါးပင်များအဖို့ သေကြေပျက်စီးမှုများ ဖြစ်ပေါ်နိုင်ပြီး အချို့အမြင့်ပိုင်းလယ်ကွင်းများရှိ စပါးပင်များမှာလည်း အထိုက်အလျောက် ပျက်စီးထိခိုက်မှု ဖြစ်ပေါ်နိုင်ကြောင်း ဒေသခံတောင်သူတစ်ဦး၏‌ ပြောကြားချက်အရ သိရသည်။

  

  ကျိုက်ထိုမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ဧက စုစုပေါင်း (၂၁၈၀၇)ဧကစိုက်ပျိုးရန် လျာထားပြီး အနိမ့်ပိုင်းလယ်ကွင်းအချို့မှ စပါးစိုက်ခင်းများ ရေနစ်မြုပ်ခဲ့သဖြင့် ရေကြီးနစ်မြုပ်ပြီး ပျက်စီးမှုအခြေအနေများကို ဩဂုတ်(၁၁)ရက် မွန်းလွဲပိုင်းက  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းစိုးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုပြီး ရေများ ပြန်လည်ကျဆင်းသွားပါက သေကြေပျက်စီးခဲ့သည့် နေရာများ၌ နောက်ထပ် မိုးစပါးများအား အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေး စီစဥ်ထားကြောင်း သိရသည်။


ဝင်းမောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)