ဒေသအလိုက် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရန်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေသအလိုက် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရန်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်


MNP ၊ ဩဂုတ် ၂၄

ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ (၁/၂၀၂၃) အစည်းအဝေးကို ယမန်နေ့က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ်(၃၂) အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ကော်မတီအနေဖြင့် ပြည်သူများ၏ စားရေးအတွက် အဓိကကျသည့် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်စည်ဈေးနှုန်းများ တည်ငြိမ်ရေးကို ထိန်းကျောင်း ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် လက်တွေ့ကျပြီး အမှန်တကယ် ထိရောက်အကျိုးရှိမည့် နည်းလမ်းများကို အသုံးပြုပြီး သက်ဆိုင်ရာကော်မတီများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အခြေခံစားကုန်ပစ္စည်းတစ်မျိုးစီ၏ ပြည်တွင်းစားသုံးမှု လိုအပ်ချက်နှင့် ပြည်တွင်းထုတ်လုပ်နိုင်မှုပမာဏတို့ကို ချိန်ဆပြီး လိုအပ်သည့် မူဝါဒများ ချမှတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသအလိုက် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရန်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အစည်းများအားလုံး ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ကုန်ပစ္စည်းထွက်ရှိရာဒေသများမှ စားသုံးသည့် ဒေသများသို့ သယ်ဆောင်ရာတွင် သယ်ယူစရိတ် ကြီးမြင့်စေသည့် စက်သုံးဆီဈေးနှုန်းမြင့်တက်ခြင်း၊ ကြားခံအဆင့် များပြားခြင်းကို လျှော့ချနိုင်မည့် နည်းလမ်းများရှာဖွေခြင်း၊ ကုန်စည်အဝင်/အထွက် မျှတမှု ရှိ - မရှိနှင့် ဝိသမလောဘသမားများ၏ ဈေးကစားမှု ရှိ - မရှိကို စုံစမ်းစိစစ်ခြင်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ် ကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်မှုပျက်ပြားစေမည့် ကိစ္စရပ်များအား ဥပဒေနှင့်အညီ ကြီးကြပ် ဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်ကြောင့် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးဈေးနှုန်း မြင့်တက်ခြင်း၊ ဈေးကစားခြင်းနှင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်ခြင်းများ မဖြစ်ပေါ်စေရေး ကြိုတင် စီမံဆောင်ရွက်ထားရန်လည်း လိုအပ်ကြောင်း။

ယင်းသို့ ဆောင်ရွက်ရာတွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၊ ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့် ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီ၊ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီနှင့် သက်ဆိုင်ရာ အစိုးရဌာန/အဖွဲ့အစည်းများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်အောက်ရှိ သက်ဆိုင်ရာညီနောင်အသင်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အထွေထွေကုန်စည်ဈေးနှုန်း မြင့်တက်လာပါက ငွေကြေးဖောင်းပွမှုနှုန်းလည်း မြင့်တက်လာမည်ဖြစ်ကြောင်း။

အခြေခံစားကုန်ထုတ်လုပ်ရာတွင် အဓိကကျသည့် လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့တွင် ထုတ်လုပ်မှုတိုးတက်လာစေရန်အတွက် လိုအပ်သည့် ပံ့ပိုးမှုများပေးခြင်း၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကိုအားပေးခြင်း စသည့်စည်းရုံးရေးနှင့် စီးပွားရေးနည်းလမ်းများဖြင့် ဆွဲဆောင်မှုပေးရန် လိုအပ်ကြောင်း၊ လက်ရှိဆန်ဈေး၊ စားအုန်းဆီဈေးနှုန်း များမြင့်တက်နေခြင်းကို စနစ်တကျ စိစစ်သုံးသပ် လေ့လာပြီး ထိထိရောက်ရောက် စီမံကြပ်မတ်ဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်အောင် တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ယခင် ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကော်မတီအဖွဲ့ဝင်များက မိမိတို့ ဒေသ/ဌာနနှင့် သက်ဆိုင်သည့် ကုန်ပစ္စည်းထုတ်လုပ်မှု တိုးတက်ရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်စေရေး ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍနှင့် ဒေသအလိုက် ကုန်ဈေးနှုန်း တည်ငြိမ်စေရေးအတွက် ဆောင်ရွက် ရမည့်လုပ်ငန်းများနှင့် လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)