ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ယူနန်စိုက်ပျိုးရေးတက္ကသိုလ်၊ လော့စစ်ဝမ် နိုင်ငံတကာကူးသန်းရောင်းဝယ်ရေးမြို့တော်နှင့် ကူမင်းနိုင်ငံတကာပန်းရောင်းဝယ်ရေးစင်တာတို့ကို သွားရောက်လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ယူနန်စိုက်ပျိုးရေးတက္ကသိုလ်၊ လော့စစ်ဝမ် နိုင်ငံတကာကူးသန်းရောင်းဝယ်ရေးမြို့တော်နှင့် ကူမင်းနိုင်ငံတကာပန်းရောင်းဝယ်ရေးစင်တာတို့ကို သွားရောက်လေ့လာ




ကူမင်း၊ ဩဂုတ် ၁၉

တရုတ်နိုင်ငံကူမင်းမြို့၌ရောက်ရှိနေသော ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့သည် မဲခေါင်ဒေသနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ ယမန်နေ့က ကူမင်းမြို့ရှိ ယူနန်စိုက်ပျိုးရေးတက္ကသိုလ်၊ လူစစ်ဝမ်နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးနှင့် ကူမင်းနိုင်ငံတကာပန်းရောင်းဝယ်ရေးစင်တာတို့ကို သွားရောက်လေ့လာကြသည်။


နံနက်ပိုင်းတွင် ယူနန်စိုက်ပျိုး ရေးတက္ကသိုလ်( Yunnan Agri-cultural University) သို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး စိုက်ပျိုးရေး ဆိုင်ရာ သုတေသနစင်တာ (Data Center) တွင် သုတေသနပြုလုပ်၍ အချက်အလက်များစုဆောင်းမှုနှင့် ဖြန့်ချိမှုလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကိုလည်းကောင်း၊ ကြက်မွေးမြူရေးပြတိုက်တွင် မျိုးရင်းကြက်များ၊ စပ်မျိုးကြက်များ၊ ဥနှင့်အသားထုတ်လုပ်မည့် ကြက်များဆိုင်ရာ လေ့လာစုဆောင်းထားမှုနှင့် ပညာမျှဝေဖြန့်ဖြူးရေး ဆောင်ရွက်မှုအခြေအနေကိုလည်းကောင်း၊ ကျောင်းသားကျောင်းသူများထုတ်လုပ်သည့် အစားအသောက်ဆိုင်ရာပြပွဲတွင် ယာစပါးအမျိုးမျိုး၊ ဖူးစား/နှံစား ပြောင်းအမျိုးမျိုး၊ အာလူးနှင့်ကန်စွန်းဥအမျိုးမျိုး စမ်းသပ်ထုတ်လုပ်မှုများအပြင် လက်ဖက်ခြောက်၊ စပျစ်ဝိုင်စသည်ဖြင့် ထုတ်လုပ်မှုများကိုလည်းကောင်း လိုက်လံရှင်းလင်း ပြသကြသည်။


ယင်းတက္ကသိုလ်၌ ပါရဂူဘွဲ့ ရယူနိုင်ရန် တက်ရောက်နေ ကြသည့် မြန်မာနိုင်ငံ ရေဆင်း တက္ကသိုလ်မှ ကျောင်းသူသုံးဦးအနက် နှစ်ဦးအားပြည်ထောင်စု ဝန်ကြီးကရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ပညာသင်ကြားမှုအခြေအနေများကို မေးမြန်းကာပညာသင်ထောက်ပံ့ငွေပေးအပ်၍ ကျောင်းစားရိပ်သာ၌ နေ့လယ်စာအတူသုံးဆောင်ကြသည်။


အဆိုပါ ယူနန်စိုက်ပျိုးရေး တက္ကသိုလ်သည် ကူမင်းမြို့တွင် စိုက်ပျိုးရေးကျောင်းအဖြစ် ၁၉၃၈ ခုနှစ်မှ စတင်တည်ထောင်၍ ၁၉၇၁ ခုနှစ်တွင် ယူနန်စိုက်ပျိုးရေး တက္ကသိုလ် (Yunnan Agricul-tural University) အဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ပြည်တွင်းမှ ကျောင်းသူစုစုပေါင်း သုံးသောင်းခန့်တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ ယူနန်လယ်ယာ စိုက်ပျိုးရေးတက္ကသိုလ် Yunnan Agricultural University ၌ ဒေသစင်တာတစ်ခုရှိပြီး ဒေသ စင်တာမှ စုဆောင်းထားသည့် အချက်အလက်များအား ကုမ္ပဏီများကို ပေးပို့မှုများပြုလုပ်လျက် ရှိကြောင်း သိရသည်။


မွန်းလွဲပိုင်းတွင် ကူမင်းမြို့လော့စစ်ဝမ် နိုင်ငံတကာကူးသန်း ရောင်းဝယ်ရေးမြို့တော် (Luosi-wan International Trade City) ကိုသွားရောက်လေ့လာရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ရှေးဦးစွာ ရှေးဟောင်းရထားတွဲ ပုံစံပြုလုပ်ထားမှုဖြင့် ခေါ်ဆောင်၍ဧည့်ခံသည်။


ဆက်လက်၍ ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက ၎င်းတို့နေရာကို ဆိုင်ခန်းပေါင်း ၃၃၀၀၀ ကျော်ဖြင့် ဖွဲ့စည်းတည်ဆောက်၍ အဝတ်အထည်၊ လူသုံးကုန်နှင့်လျှပ်စစ်ပစ္စည်းများဖြင့် အဆောက်အအုံသုံးခုတွင် ဇုန်အလိုက် ခွဲခြားဆောင်ရွက်နေကြောင်း၊ ပြည်တွင်းထုတ်ကုန်များကိုအခြေခံပြီး တောင်အာရှနှင့် အရှေ့တောင်အာရှသို့ဖြန့်ချိသည့် လက်ကားရောင်းဝယ်ရေးစင်တာ ဖြစ်လာစေရေး ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြပြီး စင်တာအတွင်းလိုက်လံ ရှင်းလင်းပြသသည်။


အဆိုပါ လက်ကားဈေးမှာ တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် အကြီးဆုံးဖြစ်ပြီး တရုတ်နိုင်ငံ၌ တတိယအကြီးဆုံးဖြစ်ကာ လုပ်ငန်များတိုးတက်အောင်မြင် လျက်ရှိကြောင်း သိရသည်။


ညနေပိုင်းတွင်ကူမင်းနိုင်ငံတကာ ပန်းရောင်းဝယ်ရေးစင်တာ (Kumming International Flora Auction Trading center) သို့ ရောက်ရှိကြရာတာဝန်ရှိသူများက ၎င်းတို့စင်တာသည် ကမ္ဘာပေါ်တွင် နံပတ်(၂)အကြီးဆုံးနှင့် အာရှနှင့်တရုတ်နိုင်ငံတွင် အကြီးဆုံးဖြစ်ပြီး ပန်းစိုက်ဧကသုံးသိန်းခွဲခန့်ဖြင့် တစ်နှစ်ပတ်လုံးစဉ်ဆက်မပြတ် စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်နေကြောင်း၊ နေ့စဉ်ပန်းစည်း(၄/၅)သန်းခန့်ကို ပြည်တွင်းသို့ ၉၀ ရာခိုင်နှုန်းနှင့်ကျန် ၁၀ ရာခိုင်နှုန်းကို ပြည်ပသို့ရောင်းချတင်ပို့နေကြောင်း၊ ပန်းများအဆင်းအနံ့ အရည်အသွေးတိုးတက်စေရန် မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြပြီး စင်တာအတွင်း လိုက်လံရှင်းလင်းပြသခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)