ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် တရားဝင်အလုပ်သမားများ စေလွှတ်သော နိုင်ငံများမှ သံအမတ်ကြီးများအဆင့် 2023 EPS Conference သို့ မြန်မာသံအမတ်ကြီး တက်ရောက်အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် တရားဝင်အလုပ်သမားများ စေလွှတ်သော နိုင်ငံများမှ သံအမတ်ကြီးများအဆင့် 2023 EPS Conference သို့ မြန်မာသံအမတ်ကြီး တက်ရောက်အမှာစကားပြောကြား






MNP ၊ သြဂုတ် ၁၀

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် သည် ၉-၈-၂၀၂၃ ရက်မှ စတင်၍ ဘူဆန်မြို့၌ ကျင်းပလျက်ရှိသည့် ၂၀၂၃ ခုနှစ်၊ EPS ညီလာခံ (2023 EPS Conference) တွင် ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် တရားဝင်အလုပ်သမားများ စေလွှတ်သော အခြားနိုင်ငံမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့်အတူ တက်ရောက်၍ အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကိုရီးယားသမ္မတနိုင်ငံ၊ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီး Mr. Lee Jung-Sik ၊ Human Resources Development of Korea (HRDK) ခေတ္တ ဥက္ကဋ္ဌ Mr. Kim Young-joong ၊ ဘူဆန်မြို့တော်ဝန် Mr. Park Heong Joon နှင့် ဘူဆန်မြို့ လွှတ်တော်ကိုယ်စားလှယ် Mr. Lee Joo-hwan တို့ ဦးဆောင်သော တာဝန်ရှိသူများနှင့် ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် အလုပ်သမားများ စေလွှတ်သည့် (၁၆) နိုင်ငံမှ သံအမတ်ကြီးများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ကိုရီးယားသမ္မတနိုင်ငံ၊ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီး Mr. Lee Jung-Sik က ဆွေးနွေးရာတွင် EPS စနစ်အား လုပ်သားစေလွှတ်သည့် နိုင်ငံများနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော်ခဲ့မှု နှစ်ပေါင်း (၂၀) ခန့် ရှိပြီဖြစ်ပြီး၊ စီးပွားရေးနှင့် လူမှုရေးအခြေအနေ ပြောင်းလဲလာမှုကြောင့် EPS စနစ်အား ခေတ်ကာလနှင့် အခြေအနေများနှင့်အညီ ပြန်လည်ဖွဲ့စည်းအကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း ထည့်သွင်းဆွေးနွေးပြောကြားသည်။

မြန်မာသံအမတ်ကြီးကလည်း လုပ်သားများ လုပ်ငန်းခွင်ထိခိုက်မှုများ လျော့ပါးစေရန် အလုပ်ရှင်နှင့် အလုပ်သမားများအတွက် အသိပညာပေးခြင်းနှင့် ကြပ်မတ်စစ်ဆေးခြင်းများကို ပိုမိုအလေးထား ဆောင်ရွက်ပေးစေလိုသည့် အခြေအနေများကိုလည်းကောင်း၊ မြန်မာသံရုံးအနေဖြင့် လုပ်သားများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကဏ္ဍ တို့တွင် အခါအားလျော်စွာ အလုပ်ရှင်များနှင့် တွေ့ဆုံခြင်းနှင့် လုပ်သားများအား Digital Platform များမှတစ်ဆင့် အသိပညာပေးခြင်းများ ဆောင်ရွက်နေသည့် အခြေအနေများကိုလည်းကောင်း၊ ကိုရီးယား စိုက်ပျိုးရေးလုပ်ငန်းရှင် အချို့၏ လုပ်ငန်းခွင်ထိခိုက်မှု လျော်ကြေးအာမခံထားရှိမှု မရှိခဲ့၍ မြန်မာလုပ်သားများ နစ်နာမှု ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကြောင့် စိုက်ပျိုးရေးကဏ္ဍမှ အလုပ်ရှင်များအား ပိုမိုကြပ်မတ်ပေးစေလိုသည့် အချက်များကို လည်းကောင်း၊ ကိုရီးယားနိုင်ငံတွင် အလုပ်,လုပ်ကိုင်ခဲ့ပြီးနောက် နှစ်မပြည့်မီ အကြောင်းအမျိုးမျိုးကြောင့် ပြန်သွားခဲ့ရသည့် ပြည်တော်ပြန်လုပ်သားများအတွက် HRDK မှ အလုပ်ရှင်အသစ် မိတ်ဆက်ပေးရန် ကြန့်ကြာမှုများ ရှိနေသည့် အခြေအနေများကိုလည်းကောင်း၊ ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သားများ ပိုမိုရောက်ရှိလာမှုကြောင့် မြန်မာလုပ်သားများအား ထိရောက်စွာ ကူညီ စောင့်ရှောက်နိုင်ရန် ကိုရီးယားနိုင်ငံ အနှံ့အပြားရှိ နိုင်ငံခြားသားအလုပ်သမားကူညီထောက်ပံ့ရေး စင်တာများတွင် မြန်မာဝန်ထမ်းများ တိုးချဲ့ခန့်ထားပေးစေလိုသည့် အခြေအနေများကိုလည်းကောင်း ထည့်သွင်းဆွေးနွေးပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် အနာဂတ်၌ EPS 2.0 အဖြစ် EPS စနစ်အား ပြုပြင်ပြောင်းလဲသွားမည့် အခြေအနေများ၊ EPS စနစ်၏ အောင်မြင်မှုများနှင့် စိန်ခေါ်မှုများ၊ EPS ဆိုင်ရာ မူဝါဒညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ HRDK နှင့် လုပ်သားစေလွှတ်သည့် နိုင်ငံများမှ သံရုံးများနှင့် အပြန်အလှန် နားလည်မှု မြှင့်တင်နိုင်ရေးကိစ္စရပ်များ၊ 2030 Busan World Expo လက်ခံ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)