ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပေါက်တောမြို့နယ်၊ ကြိမ်နီပြင် IDP စခန်းရှိ အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပေါက်တောမြို့နယ်၊ ကြိမ်နီပြင် IDP စခန်းရှိ အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများပေးအပ်


MNP ၊ ဩဂုတ် ၁၅

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပေါက်တောမြို့နယ် ကြိမ်နီပြင် IDP စခန်းရှိ အိမ်ထောင်စုများအား  ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ပေါက်တောမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် IDP စခန်းရှင်းလင်းဆောင်၌ အိမ်ထောင်စုများနှင့် တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ များစွာရှိကြောင်း၊ ယခုအခါ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မိမိတို့အစိုးရ အဖွဲ့အနေဖြင့် နိုင်ငံတော်အကြီးကဲ၏ လမ်းညွှန်မှုဖြင့်ဆောင်ရွက်နေပါ ကြောင်း၊ မုန်းတိုင်းသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေသကဲ့သို့ အိမ်ထောင်စုများအတွက်လည်း စားရေရိက္ခာနှင့် တည်ဆောက်ရေး ပစ္စည်းများထောက်ပံ့ပေးလျက်ရှိကြောင်း၊ IDP စခန်းတွင် နေထိုင်ကြသူများအနေဖြင့် စခန်းတာဝန်ခံများ၏ ဦးဆောင်မှုဖြင့် စည်းစည်းလုံးလုံးဖြင့် နေထိုင်ကြစေလိုကြေင်း၊ ယခုထောက်ပံ့ပေးအပ်မည့် ထောက်ပံ့ပစ္စည်းများကိုလည်း အိမ်ထောင်စုများမျှတစွာ ခွဲဝေသုံးစွဲကြစေလိုကြောင်းနှင့် လိုအပ်ချက် များရှိပါကလည်း တင်ပြပေးကြစေလိုကြောင်းပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆန်၊ Family Kit ၊ ရေသန့်၊ ခြင်ထောင်၊ တာပေါ်လင်၊ သွပ်ပြားများနှင့် သစ်များကို ပေးအပ်ကြရာ မီးဘေးသင့် အိမ်ထောင်စုဝင်များက လက်ခံရယူကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါက်တောမြို့သို့ သွားရောက်ပြီး မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ လူမှုရေးအဖွဲ့အ အစည်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဝန်ကြီး ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပြည်နယ်အစိုးရအဖွဲ့၏ ပြန်လည်ထူထောင်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းဆွေးနွေးပြောကြားကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထား ဆောင်ရွက်နေသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ အဓိကအားဖြင့် စားရေရိက္ခာဖူလုံရေးသည် အဓိက ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သည် တည်ငြိမ်အေးချမ်းပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်နိုင်သည့် အခြေအနေများစွာ ရှိနေသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ယခုအချိန်တွင် မြို့နယ်တစ်ခု၊ ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ် ငန်းများကို တိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များဖြန့်ဝေ ပေးထားပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းများကလည်း ကွင်းဆင်းကာပြည်သူများနှင့် ထိတွေ့ပြီး ပြည်သူများ၏လိုအပ်ချက်များ၊ လိုအပ်သည့် နည်းပညာများကို ပံ့ပိုးကူညီပေးကြစေလို ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များကလည်း ယခုထက်ပိုမိုတိုးချဲ့ စိုက်ပျိုးမွေးမြူနိုင်ရေး အထွက်နှုန်း ကောင်းမွန်ရေးတို့ကို ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အနေဖြင့်လည်း မြို့နယ်၏အကျိုး၊ ဒေသ၏အကျိုးကို ဖွံ့ဖြိုးတိုးတက်အောင် ဌာနအချင်းအချင်း ပူးပေါင်းကာ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်သူ့ဆေးရုံသို့သွားရောက်၍ ဆေးရုံတက် ရောက်ကုသမှု ခံယူနေကြသည့် လူနာများကိုအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်၍ ဆရာဝန်၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါက်တောမြို့နယ် နတ်တောင်ပြင်ကျေးရွာ၌ စိုက်ပျိုးရေး ဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်းပြီး မိုးစပါး SRI (၅) ဧကစံပြကွက် စိုက်ပျိုးအောင်မြင် နေမှုနှင့် မိုခါ မုန်တိုင်းသင့်တောင်သူများသို့ နိုင်ငံတော်မှထောက်ပံ့ပေးသော မိုးစပါးပေါ်ဆန်းရင်(၁၀) ဧကစံပြစိုက်ခင်း စိုက်ပျိုးထားရှိမှုတို့ကိုသွားရောက် ကြည့်ရှုအားပေးကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စံပြကွက် ဖော်ဆောင်ခြင်းနှင့် တောင်သူပညာပေးလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး တောင်သူ များနှင့်တွေ့ဆုံကာ စိုက်ပျိုးရာသီအချိန် မီထွန်ယက်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ရေးနှင့် လိုအပ်သည့် နည်းပညာများအား သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သတင်းရသည်။


တင်ထွန်း

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)