MNP ၊ ဩဂုတ် ၁၇
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)(ဒုတိယအကြိမ်) ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက မအီမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကျောင်းအခြေပြုအနေဖြင့် ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းက ဦးဆောင်ကြီးမှူး၍ ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းခြင်း၊ လက်သန့်စင်စေခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ/ဆရာမများက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။
မအီမြို့ ကျေးလက်ကျန်းမာရေးဌာနအနေဖြင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသည့် အခြေခံပညာကျောင်းများကိုလည်း အလားတူ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများကို ညွှန်ကြားချက်နှင့်အညီ သတ်မှတ်နေ့ရက်များအလိုက် ထိုးနှံပေးသွားမည်ဖြစ်ပြီး အဆိုပါ အ ထ က(မအီ) ဆေးထိုးစုရပ်သို့ တောင်ကြီးကျေးရွာ၊ ခမောင်းတွင်းကျေးရွာနှင့် ဆံထုံးကျေးရွာ မူလတန်းကျောင်းတို့မှ ကျောင်းသား/ ကျောင်းသူများက လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။
မောင်မောင်ဌေး
https://t.me/MyanmarNationalPost
No comments:
Post a Comment