MNP ၊ သြဂုတ် ၂၈
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကိုလိုလားသူ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဩဂုတ်လ ၂၄ ရက် နံနက် ၅ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ ညောင်ခြေထောက်ကျေးရွာအတွင်းသို့ KNU/PDF အကြမ်းဖက်သမားများက Drone ဖြင့် Drop Bomb ၁ လုံးအား အကြောင်းမဲ့ပစ်ချတိုက်ခိုက်ခဲ့ရာ အဆိုပါကျေးရွာနေ မောင်သိန်း(ခ)ဦးသိန်း(၅၈)နှစ်၏ နေအိမ်အမိုးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် နေအိမ်အတွင်းရှိနေသည့် မောင်သိန်း (ခ) ဦးသိန်းနှင့် အဆိုပါနေအိမ်သို့ ရောက်ရှိနေသည့် တစ်ရွာတည်းနေ ဦးကျော်ဇင်ဦး(၄၀)နှစ်တို့နှစ်ဦးတွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး နေအိမ်အမိုးသွပ်သုံးချပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အပြစ်မဲ့အရပ်သားများ ထိခိုက်ဒဏ်ရာရရှိစေရန် ကျေးရွာအတွင်းသို့ Drone ယာဉ်ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားသည်။
#MyanmarNationalPost
No comments:
Post a Comment