Naypyitaw State Academy ၌ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီက လူငယ်စကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Naypyitaw State Academy ၌ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီက လူငယ်စကားဝိုင်း ကျင်းပ


MNP ၊ ဩဂုတ် ၁၈

နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီက ကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် နေပြည်တော်လူငယ်ရေးရာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ကျင်းပသည်။


အခမ်းအနားသို့ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊  မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ အဖွဲ့ဝင်များ၊ Naypyitaw State Academyမှ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။


ဦးစွာ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကား ပြောကြားရာတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ်အယူအဆ အသိအမြင်မှန်ကန်စေရေး၊ ဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရေးစသည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာမှာ လွန်စွာထိရောက် ကောင်းမွန်သည့် ဆောင်ရွက်ချက်တစ်ခုဖြစ်ကြောင်း၊ လူငယ်များသည်တိုင်းပြည်၏ အနာဂတ်ဖြစ်ပြီး ယနေ့လူငယ်တွေဟာ ဗလငါးတန်နှင့်ပြည့်စုံပြီး အရည်အချင်းကောင်းတွေ ပြည့်စုံမှသာ တိုင်းပြည်၏ အနာဂတ်ဟာ ဖွံဖြိုးတောက်ပမှာဖြစ်ကြောင်း၊ ယနေ့လူငယ်များအနေဖြင့် နောင်တစ်ချိန်မှာ တိုင်းပြည်၏ ကျရာ ကဏ္ဍအသီးသီးတွင် တိုင်းပြည် တာဝန်ကို ထမ်းဆောင်ကြရမည့် နိုင်ငံ၏အနာဂတ် ခေါင်းဆောင်များပင်ဖြစ်ကြောင်း၊ လူငယ်များ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာပြီး အတွေးအခေါ် အယူအဆ ကောင်းမွန်ခြင်း၊ တီထွင်ဖန်တီးနိုင်သည့် ပညာရှင်များ၊ စီမံခန့်ခွဲမှုကောင်းသည့် ခေါင်းဆောင်ကောင်းများ ပေါ်ပေါက်လာမှသာ နောင်တစ်ချိန်မှာ တိုင်းပြည်၏ အနာဂတ်သည် အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ဘဝရည်မှန်းချက်ပန်းတိုင်ကို သတ်သတ်မှတ်မှတ် အကောင်အထည် ဖော်ရာတွင် စာသင်ခန်းထဲတွင် ပညာသင်ကြားဖို့သာမက ခေတ်နှင့်အညီပြောင်းလဲတိုးတက်နေသည့် သိပ္ပံနည်းပညာများ၊ IT ပညာများ အထွေထွေဗဟုသုတများ နိုင်ငံတကာနှင့် ပတ်သက်ပြီးအတွေးအမြင် ဗဟုသုတတွေကို အမြဲတမ်းလေ့လာ မှတ်သားနေဖို့ လိုအပ်ပါကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့ တစ်ကိုယ်ရည် အရည်အချင်းများ ကဏ္ဍပေါင်းစုံ ပြည့်မီအောင် စဉ်ဆက်မပြတ် ကြိုးစားနေရမှာဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် လူငယ်စကားဝိုင်း ဆက်လက်ကျင်းပရာ စေ့စပ်ညှိနှိုင်းရေးမှူးနှင့် ကျောင်းသား ကျောင်းသူများက လူငယ်နှင့်ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းတွင်ဆွေးနွေးသည့် ကျောင်းသား ကျောင်းသူများက ပြန်လည်ဆွေးနွေး ဖြေကြားပေးကြသည်။


ယင်းနောက် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါး ပြိုင်ပွဲတွင် ဆုရ ကျောင်းသား/ကျောင်းသူအား ဆုများ ပေးအပ်ချီးမြှင့်ပြီး လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့်ကြသည်။


အခမ်းအနား အပြီးတွင် ကျောင်းသားကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာ အသိပညာပေး ပြဘုတ်များကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


ထွန်းထွန်းဝင်း

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)