MNP ၊ စက်တင်ဘာ ၁၇
မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ၏ ဒသမအကြိမ်မြောက် နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးကို ယမန်နေ့က ရန်ကုန်မြို့ Chatrium Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုနိုင်၊ မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ (၁) နှင့် (၂)၊ အထွေထွေအတွင်းရေးမှူးနှင့် အဖွဲ့ချုပ်မှအဖွဲ့ဝင် အေဂျင်စီတို့မှတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များကို သက်ဆိုင်ရာနိုင်ငံအလိုက် လုပ်ငန်းကော်မတီများအနေဖြင့် မှန်မှန်ကန်ကန် လုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ ပြည်ပကိုအလုပ်သမားများ တရားဝင်စေလွှတ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၄၇၇ ခု၊ ယာယီ ပိတ်သိမ်းထားသည့် အေဂျင်စီ ၁၀ ခု၊ လက်ရှိဆောင်ရွက်နေသည့် အေဂျင်စီ ၄၆၇ ခု ရှိကြောင်း၊ (ထိုင်း) လိုင်စင်ရ အေဂျင်စီ ၁၅၈ ခုရှိပြီး ယာယီပိတ်သိမ်းသည့် အေဂျင်စီ ရှစ်ခုရှိသဖြင့် လက်ရှိဆောင်ရွက်နေသည့် (ထိုင်း) လိုင်စင်ရအေဂျင်စီ ၁၅၀ ရှိပါကြောင်း။
ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်သည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီနှင့် အလုပ်သမားတို့အကြားချုပ်ဆိုမည့် စံစာချုပ်ကို စက်တင်ဘာ ၁ ရက်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအားလုံးကို အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ထိုစာချုပ်အရ မိသားစုလွှဲပို့ငွေများမှ လစဉ်အခြေခံလစာ၏ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းဖြင့် လွှဲပြောင်းပေးပို့ရမည်ဖြစ်ကြောင်း၊ အလုပ်သမားများအနေဖြင့် ပြည်ပမှ တရားဝင်လွှဲပေးပို့နိုင်သည့် နည်းလမ်းများနှင့် အကျိုးကျေးဇူးများကို ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းများ၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရာတို့တွင် အလုပ်သမားများအား ရှင်းပြပေးရန်လိုအပ်ကြောင်း၊ တရားဝင်လမ်းကြောင်းမှ လွှဲပို့သည့်အတွက် မိခင်နိုင်ငံ၏ ဝင်ငွေတစ်ခုအဖြစ် ပြန်လည်ဝင်ရောက်လာမည်ဖြစ်သကဲ့သို့ ၎င်းအလုပ်သမားများ၏ မိသားစုလူမှုစီးပွားကောင်းမွန် တိုးတက်လာမည်ဖြစ်ကြောင်း။
ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအတွက် အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခြင်းကို ယခင်က အလုပ်သမားများနေထိုင်ရာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်တို့တွင် ချုပ်ဆိုခွင့်ပြုရာမှ အချိန်ကုန်သက်သာစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း တစ်ခုတည်းတွင် ချုပ်ဆိုခြင်းကို စက်တင်ဘာ ၁၁ ရက်က စတင်ခွင့်ပြုပေးပြီးဖြစ်ကြောင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ ပင်မဆေးသိုလှောင်ရေးဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တံတားမြို့နယ်ရှိ လူမှုဖူလုံရေး - ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်းသို့သွားရောက်ပြီး အကျုံးဝင်အာမခံ အလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကိုကြည့်ရှုစစ်ဆေး၍ အာမခံအလုပ်သမားများကို အားပေးစကားပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် အကျုံးဝင်အာမခံအလုပ်သမား ၈၉၂၀၀၀ ကျော်ရှိပြီး အဆိုပါ အာမခံ အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရန်ကုန်အလုပ်သမားဆေးရုံကြီး၊ ထန်းတပင်အလုပ်သမားဆေးရုံ၊ မြို့နယ်လူမှုဖူလုံရေး ဆေးခန်း ၂၂ ခန်း၊ ဌာနကြီး ဆေးခန်း ၁၈ ခန်း၊ တိုင်းရင်းဆေးခန်းတစ်ခန်း၊ စာချုပ်ဆေးခန်း ၃၀၊ မီးဖွားခြင်းဆိုင်ရာဝန်ဆောင် မှုဆောင်ရွက်သည့် ဆေးခန်း ၁၀ ခန်းတို့ဖွင့်လှစ်၍ ဝန်ဆောင်မှု ဆောင်ရွက်ပေးလျက် ရှိသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဩဂုတ်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အာမခံအလုပ်သမား လူနာပေါင်း ၇၂၈၈၆၉ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့သည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံ အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုထိရောက်လွယ်ကူစေရန် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက် ရှိရာ ယခုအခါတွင် Fee For Service Payment ဆေးခန်း ၂၀၊ Capi-tation Payment ဆေးခန်း ၂၆၊ သားဖွားမီးယပ် ပြင်ပလူနာဝန်ဆောင်မှု (Specialist OG OPD care) ၁၅ ခန်းနှင့် မီးဖွားမှုဝန်ဆောင် မှုဆေးခန်း ၁၂ ခန်းဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိရာ နေပြည်တော် ကောင်စီနယ်မြေတွင် ဇန်နဝါရီလမှ ဩဂုတ်လအထိ လူနာဦးရေ ၂၉၃၉ ဦးအတွက် ဆေးဖိုးကုန်ကျငွေကျပ် ၅၄၆ ဒသမ ၂၀၆ သန်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment