MNP ၊ စက်တင်ဘာ ၁၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က အောင်ပန်းမြို့နယ် အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းအတွင်း ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ ကျောင်းတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေး၍ ကျောင်းသား ကျောင်းသူများအနေဖြင့် ယခုကာလကတည်းက ဗလငါးတန်နှင့်ပြည့်စုံသော လူတော်၊ လူကောင်းများဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ပညာတတ်မြောက်ရေးအတွက် ဆရာ/ဆရာမများ သင်ကြားသည့်အခါ အာရုံစူးစိုက်သင်ယူ၍ ထူးချွန်သည့်နိုင်ငံသားကောင်းများဖြစ်ရန် ကြိုးစားကြစေလိုပါကြောင်း ပြောကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ပေါင်လင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးခွန်ရဲသွေး နှင့်အတူ အဆိုပါကျောင်းရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းဆောင်သစ် တည်ဆောက်နေမှု လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းအတွင်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်များကို သင်ကြား၊ သင်ယူနေသည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ၍ မိမိတို့ သင်ယူနေသည့် ဘာသာရပ်များကို စိတ်ဝင်စားစွာ လေ့လာသင်ယူကြစေလိုပါကြောင်း၊ သင်ယူနေသည့် ဘာသာရပ်သည် နိုင်ငံတော်အတွက် အမှန်တကယ်လိုအပ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူပြု နိုင်မည်ဖြစ်သဖြင့် ကြိုးစားလေ့လာသင်ယူကြစေလို ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဟိုပုံးမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်းသို့ရောက်ရှိပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှု၊ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှု၊ သင်ကြားသင်ယူ နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment