နိုင်ဂျာနိုင်ငံရှိ စစ်တပ်ကို ယခုနှစ်ကုန်မတိုင်မီ ရုပ်သိမ်းမည်ဖြစ်ကြောင်း ပြင်သစ် သမ္မတ မက်ခရွန် ကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ဂျာနိုင်ငံရှိ စစ်တပ်ကို ယခုနှစ်ကုန်မတိုင်မီ ရုပ်သိမ်းမည်ဖြစ်ကြောင်း ပြင်သစ် သမ္မတ မက်ခရွန် ကြေညာ


ပဲရစ်၊ စက်တင်ဘာ ၂၅

နိုင်ဂျာနိုင်ငံ အခြေစိုက် ပြင်သစ် စစ်တပ်ကို ယခုနှစ် နှစ်ကုန်မတိုင်မီ ရုပ်သိမ်းမည် ဖြစ်ကြောင်း ပြင်သစ် သမ္မတ မက်ခရွန်က စက်တင်ဘာ ၂၄ ရက် ညပိုင်း ရုပ်သံမေးမြန်းမှုတွင် ကြေညာခဲ့သည်။

ပြင်သစ်နိုင်ငံသည် ဒေသတွင်းနိုင်ငံများ၏ တောင်းဆိုမှုကြောင့် အကြမ်းဖက်ဝါဒကို ကူညီတိုက်ဖျက်ပေးခြင်း ဖြစ်ရာ ယခုအခါ “နိုင်ဂျာနိုင်ငံ၏ လက်တွေ့အာဏာ ဆုပ်ကိုင်ထားသူ”အနေဖြင့် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးအတွက် ထပ်မံလိုလားမှုမရှိခြင်းကြောင့် ယခုကဲ့သို့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်ရခြင်း ဖြစ်ကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။ “ကျွန်တော်တို့က (စစ်တပ်ရုပ်သိမ်းမည့်ကိစ္စကို) အာဏာသိမ်းစစ်တပ်နဲ့ ဆွေးနွေးသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ ဒီကိစ္စကို တည်ငြိမ်စွာ လုပ်ဆောင်သွားလိုခြင်းကြောင့် ဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင်ပင် မက်ခရွန်က နိုင်ဂျာနိုင်ငံဆိုင်ရာ ပြင်သစ် သံအမတ်အနေဖြင့် “နာရီပိုင်းအတွင်း” ပြင်သစ်သို့ ပြန်လာမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုမတိုင်မီ နိုင်ဂျာ စစ်အစိုးရကလည်း ပြင်သစ်သံအမတ်ကို နှင်ထုတ်သည့် အမိန့်ချခဲ့သည်။

အကယ်၍ အာဖရိကတိုက် နိုင်ငံများ၏ ပြည်သူရွေးချယ်သော အာဏာပိုင် သို့မဟုတ် ဒေသအဖွဲ့အစည်းများ အကူအညီ တောင်းပါက ပြင်သစ်နိုင်ငံအနေဖြင့် အာဖရိကတိုက်နှင့်အတူ အကြမ်းဖက်ဝါဒတိုက်ဖျက်မှုများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။

နိုင်ဂျာနိုင်ငံသည် ပြင်သစ်နိုင်ငံ၏ ကိုလိုနီဖြစ်ခဲ့ဖူးသည့် နိုင်ငံဖြစ်သည်။ လက်ရှိ နိုင်ဂျာနိုင်ငံအခြေစိုက် ပြင်သစ် စစ်တပ် တပ်ဖွဲ့ဝင် ၁,၅၀၀ ဦး ရှိကြောင်း သိရသည်။ ဇူလိုင် ၂၆ ရက်တွင် နိုင်ဂျာသမ္မတအစောင့်တပ်ဖွဲ့ဝင်များက သမ္မတ Mohamed Bazoum ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အချင်းဖြစ်ပွားသည့်ညနှောင်းပိုင်းတွင် အမိမြေကာကွယ်ရေး အမျိုးသားကောင်စီ ဖွဲ့စည်းကြောင်း၊ Mohamed Bazoum ၏ သမ္မတ ရာထူးတာဝန်ကို ဖျက်သိမ်းကြောင်း၊ နိုင်ငံရေးရာကိစ္စရပ်များကို စစ်တပ်က လွှဲပြောင်းတာဝန်ယူဆောင်ရွက်မည် ဖြစ်ကြောင်း အာဏာသိမ်းစစ်တပ် ကိုယ်စားလှယ်က ရုပ်မြင်သံကြားမှတစ်ဆင့် ကြေညာခဲ့သည်။ ပြင်သစ်နိုင်ငံက နိုင်ဂျာအာဏာသိမ်းသည့် အာဏာပိုင်များကို အသိအမှတ်မပြုကြောင်း သိရသည်။ 


Ref - (Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)