MNP ၊ စက်တင်ဘာ ၂၄
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ ၃၅ နှစ်မြောက်ပါတီနှစ်ပတ်လည်အခမ်းအနားကို တက္ကသိုလ်ရိပ်သာလမ်းရှိ ပါတီဗဟိုဌာနချုပ်တွင် ယနေ့ မွန်းတည့် ၁၂ နာရီတွင်ကျင်းပခဲ့ကြောင်း သိရသည်။
ပါတီ (၃၅) နှစ်မြောက် အထိမ်းအမှတ်နေ့တွင် ပါတီဝင်များထံ ပေးပို့သည့် ပါတီဥက္ကဌ ဦးဟန်ရွှေ၏ သဝဏ်လွှာ တွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေတွင် ကုလသမဂ္ဂနှင့် လက်အောက်ခံအဖွဲ့ အစည်းများ၊ အမေရိကန်ပြည်ထောင်စုနှင့် အနောက်အုပ်စုနိုင်ငံများ၊ အစ္စလာမ်မစ်ပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နှင့် အနောက်အုပ်စုမီဒီယာများက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်မှုနှင့် နိုင်ငံရေးဖိအားပေးမှု၊ စီးပွားရေး ပိတ်ဆို့မှု၊ ငွေကြေးနှင့်ဘဏ္ဍာရေးအကျပ်အတည်းဖြစ်အောင် လုပ်ကြံမှုများဖြင့် နိုင်ငံတော်၏ လုပ်ငန်းဆောင်တာများအခက်အခဲ အကျပ်အတည်းများဖြစ်ပေါ်ရေး၊ တပ်မတော်အင်အားချိနဲ့ရေးတို့ကို လုပ်ကြံဖန်တီးလျက်ရှိနေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် အဖွဲ့များနှင့် ဆက်ဆံမှု၊ ထောက်ပံ့မှုများပြုလုပ်ပြီး မြန်မာနိုင်ငံပြည်တွင်းရေး မငြိမ်မသက်ဖြစ် စေရန်လည်း နှောက်ယှက်လျက်ရှိနေသည်ကို တွေ့ကြရမည်ဖြစ်ပါကြောင်း၊ ဤသို့ပြည်တွင်းရေးဝင်ရောက်စွက်ဖက်လုပ်ကြံမှုများကို နိုင်ငံတော်၏ “လွတ်လပ်၍ တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒ”၊ “ငြိမ်းချမ်းစွာအတူတကွယှဉ် တွဲနေထိုင်ရေးမူကြီးများ” နှင့်အညီ ရပ်တည်ဆောင်ရွက်ခြင်း နှင့်အတူ နည်းဗျူဟာ အရလည်း မိမိနိုင်ငံ၏ အကျိုးကိုလိုလားသည့် မိတ်ဖက်နိုင်ငံများ၊ အဖွဲ့အစည်းများ နှင့်ပါ ပိုမိုပူးပေါင်းဆောင်ရွက်မှုကို ကျင့်သုံးဖော်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်ပ၏ ဝင်ရောက်စွက်ဖက်နှောက်ယှက်မှု ပယောဂများနှင့် အကြမ်းဖက် အဖွဲ့များအဖြစ် ကြေညာခံထားရသည့် ပြည်တွင်းမှ အဖျက်အင်အားစုအသီးသီး၏ လုပ်ရပ်များသည် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ တည်ငြိမ်အေးချမ်းရေးကို များစွာထိခိုက်လျက်ရှိနေပါသည်။ ရဟန်းသံဃာများ၊ သီလရှင်များမှအစ ကျောင်းသားလူငယ်များ၊ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့်ကိုယ်ဝန်ဆောင် မိခင်ပါမကျန် မတရားသတ်ဖြတ်နှိပ်စက်မှုများ ဒေသအနှံ့တွင် မလိုလားမနှစ်မြို့ဘွယ် တွေ့မြင် နေကြရပါကြောင်း၊ ပြည်သူများထိတ်လန့်စွာနှင့် အသက်အိုးအိမ်စည်းစိမ် လုံခြုံမှ ကင်းမဲ့လျက်ရှိသဖြင့် မိမိတို့၏ အလုပ်အကိုင်၊ နေရပ်ဒေသအိုးအိမ်များကို စွန့်ခွာ ထွက်ပြေးနေကြရသူများမှာလည်း များပြားလျက်ရှိနေပါသည်။ ဤကဲ့သို့ ရဟန်း ရှင်လူ၊ပြည်သူအများအသက်အိုးအိမ် စည်းစိမ်များ ထိခိုက်လျက် ဒုက္ခ ပင်လယ်ဝေ နေသည့် အခြေအနေကို ထိရောက်ထက်မြက်သည့် နည်းလမ်းအစီ အမံများဖြင့် တရားဥပဒေစိုးမိုးမှုနှင့် ပြည်သူ့ဘဝတည်ငြိမ်အေးချမ်းရေးတို့ကို အမြန်ပြန်လည် ဖော်ဆောင်နိုင်ရန် အရေးတကြီးလိုအပ်နေပါကြောင်း ဖော်ပြထားသည်။
ဦးဟန်ရွှေ၏ သဝဏ်လွှာ တွင် အထွေထွေကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေမှု၊ ငွေတန်ဖိုးကျဆင်းမှုနှင့်အတူ ဝင်ငွေနှင့်အထွေထွေကုန်ကျစရိတ် အချိုးမညီကွာဟနေမှု၊ အလုပ် အကိုင်ရှားပါးမှုများကို ပြည်သူများခံစားနေကြရပြီး လူမှုဒုက္ခများ မြင့်မားလျက်ရှိနေ သည်ကိုလည်း တွေ့နေရကြောင်း။ စီးပွားရေး၊ ဘဏ္ဍာရေး၊ စီမံခန့်ခွဲရေး နည်းလမ်းအရပ်ရပ်ဖြင့် ဖြေရှင်းနိုင်ရန် လိုအပ်လျက်ရှိပါကြောင်း ဖော်ပြထားသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (၃၅)နှစ်ပြည့် အခမ်းအနားသို့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုးမောင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းဒေသကြီးပါတီ ဥက္ကဌဦးခင်မောင်စိုးနှင့် မိတ်ဖက်ပါတီခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment