MNP ၊ စက်တင်ဘာ ၂၄
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ် မင်းဓမ္မလမ်းပေါ်ရှိ အနုပညာဗဟိုဌာန (Myanmar Arts Center) တည်ဆောက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် Myanmar Arts Center Phase – 1 တည်ဆောက်ပြီးစီးမှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
အနုပညာဗဟိုဌာန (Myanmar Arts Center) ကို ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရပ်များ တင်ဆက်နိုင်မည့် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာနအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ် မင်းဓမ္မလမ်းပေါ်ရှိ မြေဧရိယာ ၈ ဒသမ ၄၁ ဧကပေါ်တွင် တည်ဆောက် အကောင်အထည်ဖော်နိုင်ရန်အတွက် ၂၀၁၅ ခုနှစ်မှစတင်၍ စီစဉ်ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန အကောင်အထည်ဖော်ရေးကော်မတီသည် အဆောက်အဦဆောက်လုပ်ရန်အတွက် iGreen Construction Co., Ltd နှင့် စာချုပ်ချုပ်ဆို၍ လုပ်ငန်းအပ်နှံ ဆောင်ရွက်ခဲ့ရာ မူလခွင့်ပြုဘဏ္ဍာငွေဖြင့် အနုပညာဗဟိုဌာနရှိ ပင်မအဆောက်အအုံ၏ Foundation နှင့် Steel Structure သံတိုင်များ စိုက်ထူထားသည့် Skeleton Phase - 1 အဆင့်ကို တည်ဆောက်ပြီးစီးခဲ့ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရုပ်ရှင်၊ ဂီတ၊ သဘင်ဖျော်ဖြေတင်ဆက်နိုင်မည့် နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာနကို ဖျော်ဖြေရေးအတွက်သာမက အနုပညာဆိုင်ရာ ပြပွဲ၊ ပြိုင်ပွဲ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အနုပညာနှင့်ဆက်စပ်သော ဟောပြောပွဲများ ပြုလုပ်နိုင်ရန်အတွက် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအနုပညာဗဟိုဌာနကြီး တည်ဆောက်ပြီးစီးပါက နိုင်ငံတကာမှ လာရောက်သော ယဉ်ကျေးမှုပဒေသာကပွဲများ၊ ကဇာတ်၊ ပြဇာတ်နှင့် တေးဂီတသံစုံဖျော်ဖြေတီးခတ်မှုများ၊ တေးဂီတဆိုင်ရာဖျော်ဖြေမှုများ၊ အနုပညာနှင့်ဆက်စပ်သော ပန်းချီ၊ ပန်းပုဆိုင်ရာပြပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အနုပညာဆိုင်ရာပညာပေးဟောပြောမှုများကို ဆောင်ရွက်နိုင်မည်ဖြစ် သဖြင့် ဂီတ၊ သဘင်၊ ရုပ်ရှင်၊ ပန်းချီ၊ ပန်းပုနှင့် စာပေနယ်ပယ်အသီးသီးမှ မြန်မာအနုပညာရှင် လူငယ်များအနေဖြင့် မိမိတို့၏ အနုပညာရပ်များကို ကမ္ဘာသို့ ဖော်ထုတ်ပြသနိုင်မည်သာမက ကမ္ဘာ့အနုပညာအသီးသီးနှင့် ဆက်စပ်ပူးပေါင်းဆောင်ရွက်နိုင်သည့် အခွင့်အလမ်းကောင်းများရရှိစေမည့် ပြယုဂ်တစ်ခုဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment