ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေတက္ကသိုလ်၌ ကျင်းပသော လူငယ်စကားဝိုင်း တက်ရောက်အားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေတက္ကသိုလ်၌ ကျင်းပသော လူငယ်စကားဝိုင်း တက်ရောက်အားပေး






MNP ၊  စက်တင်ဘာ  ၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်တွေတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ရခိုင် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်တွေတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။


ဦးစွာ စစ်တွေတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့စိတ်ရင်း၊ မြန်မာ့ရှုခင်း၊ မြင့်မိုရ်ထက်မြင့်သော၊ ဘုဘု စသောတေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လူငယ်များ၏ အသိပညာ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ် ထွန်းလာစေရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်တွင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ဖြစ်လာစေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး ဆိုသည့်အချက်ကို ထည့်သွင်းထားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ လူငယ် များသည်နိုင်ငံ၏ အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက စွမ်းအားစု ဖြစ်လာစေရန် ရည်ရွယ်မျှော်လင့်ထားခြင်းဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် လူငယ်စကားဝိုင်းတွင် လူငယ်နှင့်လောကနီတိ ခေါင်းစဉ်နှင့်ကျောင်းသား၊ ကျောင်းသူများက ပါဝင်ဆွေးနွေးသွားကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လူငယ်စကားဝိုင်းများသည် ဗလငါးတန်ထဲတွင် ဉာဏဗလဟုခေါ်သည့် ဉာဏ်ပညာဖွံ့ဖြိုးစေရန်၊ စာရိတ္တဗလဟုခေါ်သည့် ကိုယ့်ကျင့်သိက္ခာကောင်းမွန်စေရန်၊ မိတ္တဗ လဟုခေါ်သည့် မိတ်ဆွေအပေါင်းအသင်း ကောင်းများ တိုးပွားလာစေရန်စသည့် ရည်ရွယ်ချက်ကောင်းများနှင့် ပြည့်စုံနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး လူငယ်စကားဝိုင်းများ၊ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများကို နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်၊ ကောလိပ်များ၊ အခြေခံပညာကျောင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းမှာ ဆိုလျင်လည်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း စစ်တွေတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)တို့တွင် လူငယ်စကားဝိုင်းနှစ်ကြိမ်၊ အခြေခံပညာအဆင့်ကျောင်းများမှာ လူငယ်စကားဝိုင်း၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ (၃၂၉) ကြိမ်ကျင်းပဆောင်ရွက်နိုင်သကဲ့သို့ လူငယ်များအသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် နံရံကပ်စာစောင်၊ ပြပွဲ၊ ပြိုင်ပွဲများကိုလည်း စီစဉ်ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လူငယ်စကားဝိုင်းများကို ကျယ်ကျယ်ပြန့်ပြန့် စီစဉ်ကျင်းပပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ အသိအမြင်၊ အတွေးအခေါ်များကို ဖလှယ်နိုင်ပြီး မိမိတွင်ရှိသော ပင်ကိုယ်အရည်အသွေး၊ အစွမ်းအစများကို ထုတ်ဖော်ပြသခွင့်ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် ရရှိသော အသိပညာဗဟုသုတများ၊ ကျင့်ဝတ်စည်းကမ်းများကို လက်တွေ့နယ်ပယ်တွင် လိုက်နာကျင့်သုံးရင်း မိမိအတွက်၊ ကျောင်းတော်ကြီးအတွက်၊ မိမိဒေသအတွက်၊ မိမိပြည်နယ်မှသည် နိုင်ငံတော်အတွက် အားထားရသည့် နိုင်ငံ့သားကောင်းများ ဖြစ်နိုင်ကြပါစေကြောင်း ပြောကြားသည်။


ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းနှင့် စစ်တွေတက္ကသိုလ်၊ အရှေ့တိုင်းပညာဌာနမှ နည်းပြဒေါ်မေဘုတို့က (Moderator) ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင် ဆောင်ရွက်ကြပြီး စစ်တွေတက္ကသိုလ်၊ ရူပဗေဒဒုတိယနှစ်ဂုဏ်ထူးတန်း ကျောင်းသား မောင်ထက်အာကာမိုး၊ မြန်မာစာမဟာတန်းကျောင်းသား မောင်အောင်ကြည်လင်း၊ ဥပဒေပထမနှစ် ကျောင်းသူ မဆုမြတ်နိုး၊ အင်္ဂလိပ်စာဒုတိယနှစ် ဂုဏ်ထူးတန်းကျောင်းသူ မထူးရတနာမြင့်၊ အရှေ့တိုင်း ပညာဒုတိယနှစ်ကျောင်းသူ မအေးနန္ဒာနှင့် ဥပဒေပထမနှစ်ကျောင်းသား မောင်စည်သူနိုင်ထွန်းတို့က လူငယ်နှင့်လောကနီတိ ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက ဗိုလ်ရှုသဘင်၊ ရိုးရာကမမ၊ မျက်ဝန်းလဲ့ပြာပြာ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြပြီး လူငယ်စကား ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်မေးမြန်းဆွေးနွေးကြကာ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ကိုဝင်းက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်းမ၌ Tri Plus Co., Ltd မှ ဒါရိုက်တာ ဒေါ်မြသောင်းဝေနှင့်အဖွဲ့အားတွေ့ဆုံပြီး ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးရေး လုပ်ငန်းများတွင် သွင်းအားစုအဖြစ်အသုံးပြုနိုင်မည့် သဘာဝမြေဩဇာသုံးစွဲ ပုံများ၊ ပစ္စည်းနမူနာများ၊ စပ်သပ်အောင်မြင်နေမှုများ၊ တောင်သူများအား အသိပညာပေးဆွေးနွေးနိုင်ရေး၊ စမ်းသပ်သုံးစွဲနိုင်ရေးနှင့် ဖြန့်ဖြူးနိုင်ရေး စသည့်ကဏ္ဍများကို ဆွေးနွေးကြသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားပြိုင်ပွဲများတွင် ရခိုင်ပြည်နယ်မှ ဆုရရှိခဲ့သည့် အားကစားသမားများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ပွဲသို့ တက်ရောက်ကြသည်။


ထပ်ဆင့်ဂုဏ်ပြုပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ဆုတံဆိပ်အသီးသီးဆွတ်ခူးရရှိပြီး ပြည်နယ်၏ဂုဏ်ကို အားကစားဖြင့်မြှင့်တင်ပေးကြသည့် အားကစားသမားများ အားလုံးကို မိမိတို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ယူသကဲ့သို့ အားကစားသမားအနေဖြင့်လည်း ယခုရရှိခဲ့သည့် အောင် မြင်မှုများတွင် ရပ်တန့် မနေဘဲ နောင်လာမည့်ပြိုင်ပွဲများတွင်လည်း ယခုထက်ပိုမိုအောင်မြင်အောင် စွမ်းဆောင်ပြီး ပြည်နယ်၏ဂုဏ်ကို အားကစားဖြင့် ဆထက်ထမ်းပိုးတိုး၍ မြင့်တင်နိုင်ကြပါကြောင်း၊ ဆုတံဆိပ်ရရှိခဲ့သော အားကစားသမားများ အနေဖြင့် မိမိတို့ ယခုရရှိခဲ့သည့် အောင်မြင်မှုများကို ‌နောက်လာမည့် နှစ်များတွင်လည်း ယခုထက်မက ဆုတံဆိပ်များစွာ ရရှိအောင် စဉ်ဆက်မပြတ် ကြိုးစားလေ့ကျင့်သွားကြရန်နှင့် အားနည်းချက်များကို ဖြည့်ဆည်း၍ လက်တွေ့ကျကျ ကြိုးစားသွားကြရန် အလေးအနက်ထား တိုက်တွန်းမှာကြားလိုကြောင်းနှင့် နောင်လာမည့်နှစ်များတွင် ပြည်နယ်အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးလုပ်ငန်းများကို သမိုင်းပေး တာဝန်တစ်ရပ်အနေဖြင့် လက်တွဲညီညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားသည်။ ယင်းနောက် ဆုရရှိခဲ့သည် အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။


၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်၊ ဩဂုတ်လအထိ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲ(၇) နည်းတွင် ရခိုင်ပြည်နယ်မှ အားကစားနည်း(၆) နည်းပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်နှစ်ခု၊ ‌ငွေတံဆိပ်သုံးခု၊ ကြေးတံဆိပ် ငါးခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)