MNP ၊ စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲ ၂ နာရီက ရေနံချောင်းမြို့နယ် ပင်းဝကျေးရွာအုပ်စု ပင်းဝကျွန်းကျေးရွာဆိပ်ကမ်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ယာယီရှင်းလင်းဆောင်သို့ ရောက်ရှိကာ လတ်တလောကမ်းပြိုကမ်းစားခြင်းကြောင့် ပြောင်းရွေ့ရသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ချောက်မြို့နယ်ဘက်မှ ဧရာဝတီမြစ်ရေလမ်း ကြောင်းတစ်လျှောက် စက်ရေယာဉ်ဖြင့် ကျေးရွာများတွင် မြစ်ရေဝင်ရောက်မှု၊ ကမ်းပြိုကမ်းစားမှုများအား လှည့်လည်ကြည့်ရှုကာ ရေနံချောင်းမြို့နယ် ပင်းဝကျွန်းကျေးရွာဆိပ်ကမ်း ယာယီရှင်းလင်းဆောင်သို့ ရောက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၂၈၄.၁၂၆ သန်းဖြင့် ဆောင်ရွက်သည့် Geo Tube အခြေပြု Soft Type Revetment အလျား(၅၅၇)ပေ ပင်းဝကျွန်းကျေးရွာဆိပ်ကမ်း ကမ်းပြိုကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်အင်ဂျင်နီယာ ဦးနောင်နောင်ဇော်လေးက ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုတို့က ရေနံချောင်းမြို့နယ် မာန်မြေကျေးရွာအုပ်စု မိန်းမလှကျွန်းကျေးရွာမှ လတ်တလောကမ်းပြိုကမ်းစားခြင်းကြောင့် ပြောင်းရွေ့ရသည့် အိမ်ထောင်စု(၂၆)စုအား ထောက်ပံ့ပစ္စည်းများကိုလည်းကောင်း၊ ပင်းဝကျေးရွာအုပ်စု အမှတ်(၁၁၈) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် ဗလာစာအုပ်(၁၁)ဒါဇင်ကို ကျောင်းအုပ်ဆရာမကြီးထံသို့လည်းကောင်း အသီးသီးထောက်ပံ့ပေး အပ်သည်။
ထို့နောက် ပင်းဝကျေးရွာအုပ်စု၊ မာန်မြေကျေးရွာအုပ်စု၊ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စုတို့မှ ကျေးရွာတာဝန်ခံများက ဧရာဝတီမြစ်ရေဝင်ရောက်မှု၊ ကမ်းပြိုကမ်းစားမှုနှင့် လယ်မြေဧက ၇၀၀ ကျော်အကျိုးပြုသည့် ပင်းချောင်းရေတမံဖို့မြေ ချောင်းရေတိုက်စားပျက်စီးမှုများအား တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပင်းဝကျွန်းကျေးရွာဆိပ်ကမ်း ရေကာတာဆောက်လုပ်ထားမှုအား ကွင်းဆင်းကြည့်ရှုကာ လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရုံးဆိပ်ကျွန်းကျေးရွာအုပ်စု ရုံးဆိပ်ကျွန်းကျေးရွာသို့ ရောက်ရှိပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လတ်တလောကမ်းပြိုကမ်းစားခြင်းကြောင့် ပြောင်းရွေ့ရသည့် အိမ်ထောင်စု (၃၆)စုအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment