MNP ၊ စက်တင်ဘာ ၄
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ဗောဓိကုန်းစံပြကျေးရွာ၊ ဗောဓိအောင်မြေ မိသားစုမိုးကုတ်ရိပ်သာတွင် ယနေ့နံနက် ၈ နာရီက လယ်ဝေးမြို့နယ်လုံးဆိုင်ရာ ဆဋ္ဌမအကြိမ်မြောက် အသံမစဲမဟာဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။
အခမ်းအနားသို့ လယ်ဝေးမြို့နယ် ဗောဓိကုန်းကျောင်းဆရာတော် ဦးဩဘာသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ကြည်ညိုကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ စတင်ဖွင့်လှစ်ပြီး အခမ်း အနားမှူးက ဒေဝနိမန္တနဂါထာကို ဖတ်ကြား၍ နတ်ဗြဟ္မာများကို ပင့်ဖိတ်သည်။
ထို့နောက် ဗောဓိကုန်းကျောင်းဆရာတော် ဦးဩဘာသထံမှ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး အခမ်းအနားမှူးက ပဋ္ဌာန်းရောင်ခြည်တော် ဖွင့်ဂါထာကို ရွတ်ဖတ်ပူဇော်သည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက ဆရာတော် သံဃာတော်များထံ ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်(၁၈)ဆူနှင့် ဝတ္ထုငွေ၊ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပဋ္ဌာန်းပရိတ်ပန်းအိုးနှင့် ပရိတ်ရေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များ ဦးဆောင်၍ ဧည့်ပရိသတ်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်ကို ရွတ်ဖတ်ပူဇော်ကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြသည်။
အဆိုပါ လယ်ဝေးမြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို စက်တင်ဘာ ၄ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဝေကြည်
#MyanmarNationalPost



No comments:
Post a Comment