MNP ၊ စက်တင်ဘာ ၄
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မိတ္ထီလာမြို့၊ အောင်ဇေယျာရပ်ကွက်ရှိ ကားဂိတ်တွင် ယမန်နေ့ နေ့လည်ပိုင်းက မသင်္ကာဖွယ်တွေ့ရှိသူ ဒေါ်သန်းသန်းဌေး၊ ဒေါ်မာရွှေ၊ သီဟ နှင့် ချစ်မင်းသူ တို့အား စစ်ဆေးရှာဖွေရာ ၎င်းတို့၏ကျောပိုးအိတ်များအတွင်းမှ ဘိန်းဆီခဲအလေးချိန် ၃၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၅၄၀)၊ ဘိန်းစိမ်းအလေးချိန် ၁၆ ကီလို(ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ် ၁၂၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ် ချက်အရ နေ့လည် ၁ ၃၀ အချိန် အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူ ဒေါ်သန်းသန်းအေး အား ၎င်းနေထိုင်သည့် မိတ္ထီလာမြို့၊ ပေါက်ချောင်း(တိုးချဲ့)ရပ်ကွက်ရှိ နေအိမ်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ သဖြင့် ဒေါ်သန်းသန်းဌေး(၅၅)နှစ်၊ ဒေါ်မာရွှေ(၄၇)နှစ်၊ သီဟ(၃၃)နှစ်၊ ချစ်မင်းသူ(၃၃)နှစ် နှင့် ဒေါ်သန်းသန်းအေး (၅၈)နှစ်တို့အား မိတ္ထီလာ အမှတ်(၂)နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
ထို့အတူ ယမန်နေ့ ညနေပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ကွတ်ခိုင်မြို့၊ ရပ်ကွက်(၈)၊ ကွတ်ခိုင်-လားရှိုးသွားကားလမ်းတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် အိုက်ဆိုင် မောင်းနှင်ပြီး မအေအို လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ဆိုင်ကယ်ပေါ်တွင် ၎င်းတို့သယ်ဆောင်လာသော ကျောပိုးအိတ်အတွင်းမှ ဘိန်းဖြူအလေးချိန် ၁၁၀ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၆.၅ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၂၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ညနေ ၄ ၃၀ အချိန် အဆိုပါ မူးယစ်ဆေးဝါးများ ရောင်းချသူ မမာတောမ် အား ကွတ်ခိုင်မြို့၊ ရပ်ကွက်(၈)တွင် မော်တော် ဆိုင်ကယ် ၁ စီး၊ လက်ကိုင်ဖုန်း ၁ လုံး တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် အိုက်ဆိုင်(၁၉)နှစ်၊ မအေအို (၂၉)နှစ် နှင့် မမာတောမ်(၃၅)နှစ်တို့အား ကွတ်ခိုင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီးဖြစ်ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment