MNP ၊ စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှ ကြီးမှူးဖွင့်လှစ်သော အဲယားကွန်းတပ်ဆင်ပြုပြင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနား ကို ယမန်နေ့ နံနက်ပိုင်းက အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးနိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ နိုင်ငံမှာ လိုအပ်နေတဲ့ ကျွမ်းကျင်လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ လူငယ်လူရွယ်တွေအတွက် သင့်တော်ကောင်းမွန်တဲ့ အလုပ် အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိစေဖို့၊ ကျွမ်းကျင်မှု အတတ်ပညာကို စနစ်တကျလေ့လာသင်ယူခွင့်မရဘဲ လုပ်ငန်းခွင် အသီးသီးမှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ ဝင်ငွေနည်းပါးတဲ့ လူငယ်အလုပ်သမားတွေအတွက် အသက်မွေးဝမ်းကျောင်း အတတ်ပညာသင်ယူမှု အခွင့်အလမ်း တွေ တိုးတက်ရရှိစေပြီး ဝင်ငွေတိုးတက်ရရှိစေဖို့ ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက သင်တန်းကာလတွင် မခိုမကပ်ဘဲ ဆရာများ၏ သင်ကြားပို့ချမှု များကို စနစ်တကျ လေ့လာဆည်းပူးသင်ယူကြစေလိုကြောင်း၊ သင်ယူရရှိလာမည့် အတတ်ပညာနှင့် ကျွမ်းကျင်မှုများကို အသုံးချ၍ လုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်နိုင်ကြပြီး ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်နိုင်သည်အထိ ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားတက်ရောက်လာသူများနှင့် သင်တန်းသားများက အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြသည်။ သင်တန်းသို့ ပုသိမ်မြို့နယ်နှင့် ပတ်ဝန်းကျင် ဒေသများမှ သင်တန်းသား(၂၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၄ ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment