MNP ၊ စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၏ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲအကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင်များတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ပြိုင်ပွဲကျင်းပရေးနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး“မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၁၉၉၃ ခုနှစ်က စတင်၍ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှသည် နိုင်ငံတော်အဆင့်အထိ နှစ်စဉ်ရည်ရွယ်ချက်ပေါင်းများစွာဖြင့် ခမ်းနားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ၂၀၁၆ ခုနှစ်အထိ (၂၂)ကြိမ်တိုင်တိုင် ကျင်းပပြုလုပ်နိုင်ခဲ့ပါကြောင်းနှင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ (၅)နှစ်တာကာအတွင်း ကျင်းပပြုလုပ်နိုင်ခဲ့ခြင်း မရှိခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ၂၀၂၂ခုနှစ်တွင် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီအနေဖြင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဆပ်ကော်မတီဝင်များဖြင့် (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို နိုင်ငံတော်အဆင့် ခမ်းနားသိုက်မြိုက်စွာဖြင့် ရွက်ပုန်းသီးအနုပညာရှင်များစွာ ပေါ်ထွက်လာမှုနှင့်အတူ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့်လည်း အဆိုပါ(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် တတိယဆုကိုထိုက်ထိုက်တန်တန် ရရှိခဲ့ပါကြောင်း၊ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် တိုင်းဒေသကြီးအနေဖြင့် မြို့နယ်အဆင့်၊ ခရိုင်အဆင့်ပြိုင်ပွဲများမှ စိစစ်ရွေးချယ်ထားသည့် ပြိုင်ပွဲဝင်များကို ယနေ့ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲတွင် အနုပညာအရည်အသွေးပြည့်ဝသည့် ပြိုင်ပွဲဝင်တွေကို စိစစ်ရွေးချယ်ပြီး ဝင်ရောက်ယှဉ်ပြိုင်စေမှာ ဖြစ်ပါကြောင်း၊ အကဲဖြတ်ပညာရှင်ကြီးများ အနေဖြင့်လည်း မျက်နှာသာပေးခြင်း၊ လူပုဂ္ဂိုလ်ရင်းနှီးမှုအခြေခံခြင်း၊ ခရိုင်/မြို့နယ် အစွဲအလမ်းထားရှိပြီး အမှတ်ပေးခြင်းများ မပြုလုပ်ကြရန်မှာကြားလိုပါကြောင်း၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ ချမှတ်ထားသည့် ဦးတည်ချက်(၄)ရပ်နှင့်အညီ လက်ဆင့်ကမ်းထိန်းသိမ်းခဲ့ကြသည့် ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်တွေကို ဖော်ထုတ်ပြသမည့် ပြိုင်ပွဲဝင် မောင်မယ်များ အားလုံးသည် မိမိတို့မှာရှိသည့် အနုပညာအရည်အသွေးတွေကို အစွမ်းကုန်ဖော်ထုတ်ယှဉ်ပြိုင် သွားကြရန်နှင့် အကဲဖြတ်ပညာရှင်ကြီးများကလည်း ခရိုင်အသီးသီးမှ မျိုးဆက်သစ်ရွက်ပုန်းသီး အနုပညာရှင်များကို ရွေးချယ်ဖော်ထုတ်ပေးကြစေလိုကြောင်း” တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားများပြောကြားသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး၏ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအဖွင့်တေးသီချင်းဖြစ်သည့် “အောင်လံလွှင့်ချီ ဧရာဝတီ” တေးသီချင်းအား “တူယှဉ်နွှဲပျော် ဂီတပွဲတော် Season 2” Winner ဆုရှင် မောင်စိုးထက်အောင်နှင့် ပညာအလင်္ကာအဖွဲ့မှသီဆိုပြီး အကပြိုင်ပွဲဝင်များက တင်ဆက်ကပြပြီးနောက် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ရှမ်းတိုင်းရင်းသား ရိုးရာအက၊ ကျေးလက်ရိုးရာအကများဖြင့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် ပုသိမ်ပညာရေး ဒီဂရီကောလိပ်ယိမ်းအဖွဲ့များက ဆက်လက် ဖျော်ဖြေတင်ဆက်ကပြခဲ့ကြ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပြီး ပထမနေ့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကြသည့် ကဗျာလွတ်အကပြိုင်ပွဲ အခြေခံပညာ (၁၀-၁၅)(အမျိုးသမီး)၊ အခြေခံပညာ (၁၀-၁၅)(အမျိုးသား)၊ တစ်ဦးချင်းအက၊ အခြေခံပညာ (၁၀-၁၅)(အမျိုးသမီး)၊ တစ်ဦးချင်းအက၊ အခြေခံပညာ (၁၅-၂၀)(အမျိုးသား)၊ တစ်ဦးချင်းအက၊ အခြေခံပညာ (၁၅-၂၀)(အမျိုးသမီး)၊ တစ်ဦးချင်းအက၊ အဆင့်မြင့်ပညာ (အမျိုးသား)၊ တစ်ဦးချင်းအက၊ အဆင့်မြင့်ပညာ (အမျိုးသမီး)၊ တစ်ဦးချင်းအက၊ ဝါသနာရှင်ဒုတိယတန်း၊ အမျိုးသားတစ်ဦးချင်းအက၊ ဝါသနာရှင်ဒုတိယတန်း၊ အမျိုးသမီးတစ်ဦးချင်း အကဘာသာရပ်များအား ခရိုင်များမှ ယှဉ်ပြိုင်ကပြမှုများအား ကြည့်ရှုအားပေးခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အကဲဖြတ်ပညာရှင်များ၊ ပြိုင်ပွဲဝင်များနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ယနေ့စတင်ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် အဆိုပြိုင်ပွဲဝင်(၁၁၁)ဦး၊ အကပြိုင်ပွဲဝင်(၁၆၈)ဦး၊ အရေးပြိုင်ပွဲဝင်(၁၃)ဦး၊ အတီးပြိုင်ပွဲဝင်(၂၃၇)ဦး၊ စုစုပေါင်းပြိုင်ပွဲဝင် (၅၂၉)ဦးဖြင့် ယခုလ(၁၀)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်
#MyanmarNationalPost
No comments:
Post a Comment