MNP ၊ စက်တင်ဘာ ၁၄
၂၀၂၃ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲနှင့် မြို့နယ်ပေါင်းစုံ အမျိုးသား ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က တိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ အားကစား ဝါသနာရှင်များနှင့် ပြိုင်ပွဲဝင်ကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်း မြင့်မားလာပြီး စုပေါင်းလှုပ်ရှားသော အလေ့အကျင့်ကောင်းများရရှိ လာမည်ဖြစ်သည့်အပြင် ဗလငါးတန်ဖွံ့ဖြိုးသော မျိုးဆက်သစ်လူငယ် အားကစားသမားများ ထွက်ပေါ်လာမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း တိုင်းဒေသကြီးအတွင်းရှိ မျိုးဆက်သစ်လူငယ် ရွက်ပုန်းသီး အားကစားသမားများ ထွက်ပေါ်လာစေရန်ရည်ရွယ်ပြီး အားကစားပြိုင်ပွဲများအား ကျင်းပလျက်ရှိကြောင်း၊ ဘော်လီဘောအားကစား နည်းသည် မြန်မာပြည်တွင် သာမက ကမ္ဘာပေါ်တွင်လည်း ဘောလုံးအားကစားနည်းပြီးနောက် ဒုတိယလူကြိုက် အများဆုံး အားကစားနည်းဖြစ်ပါကြောင်း၊ ဘော်လီဘောအားကစားနည်း၏ ဆောင်ပုဒ်ဖြစ်သော “ကျေးရွာအဆုံး တပြည်လုံး၊ ဆင်းရဲချမ်းသာ ကစားပါ” ဆိုသည့်အတိုင်း နေရာဒေသ၊ လူမျိုးမရွေး စုပေါင်းဖွဲ့စည်း၍ လွယ်ကူစွာကစားနိုင်သည့် အားကစားနည်းတစ်ခုလည်းဖြစ်သည့်အပြင် ညီညာသော အခင်းအပြင်ပေါ်မှာ ပိုက်ခြားထားပြီး စပေးဘောပေးခြင်း၊ လက်ခံဆယ်မခြင်း၊ ပင့်ထောင်ခြင်း၊ ရိုက်ခုတ်ခြင်း၊ ပိတ်ဆို့ခြင်း၊ ခုခံဆယ်မခြင်းဟူသည့် အစိတ်အပိုင်း(၆)မျိုးကို အသုံးပြု၍ ကစားရသော ကစားနည်းဖြစ်ကြောင်း၊ ဘော်လီဘောအားကစားနည်း၏ ထူးခြားချက်မှာ နိုင်ငံတကာပြိုင်ပွဲကြီးများကို ကြည့်လျှင် နိုင်ငံတစ်ခုတည်းမှ အနိုင်ရဗိုလ်စွဲ နေခြင်းမျိုးမရှိဘဲ သူတင်ကိုယ်တင်ပြောင်းလဲပြီး ချန်ပီယံဖြစ်နေကြခြင်းကြောင့် လူသားများ၏ စိတ်ကို ဆွဲဆောင်နိုင်စွမ်းနှင့် ပေးဆောင်နိုင်သော အားကစားနည်းတစ်ခု ဖြစ်တာကို တွေ့ရမှာဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများ အနေဖြင့်လည်း မိမိတို့၏ ကစားနည်းစွမ်းရည်များ တိုးတက်မြင့်မားလာစေရန် ခေတ်စနစ်နှင့် လျော်ညီသည့် အားကစားနည်းစနစ်များဖြင့် စဉ်ဆက်မပြတ် လေ့လောနေရန် လိုအပ်ကြောင်း၊ ပြိုင်ပွဲကို စိတ်ဝင်တစား အားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင် လာကြသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူ ပါကြောင်းစသည်ဖြင့် ပြောကြားကာ၊ ၂၀၂၃ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးဘော်လီဘောပြိုင်ပွဲနှင့် မြို့နယ်ပေါင်းစုံ အမျိုးသား ဘော်လီဘောပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ပြိုင်ပွဲအားကစားသမားများမှ အားကစားသစ္စာအဓိဌာန်များ ရွတ်ဆိုခဲ့ပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကာ၊ မြို့နယ်ပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲ ပထမပွဲစဉ်အဖြစ် စေတုတ္တရာမြို့နယ် အမျိုးသားဘော်လီဘောအသင်းနှင့် ပွင့်ဖြူမြို့နယ် အမျိုးသားဘော်လီဘောအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ ၂၀၂၃ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲနှင့် မြို့နယ်ပေါင်းစုံ အမျိုးသား ဘော်လီဘောပြိုင်ပွဲကို တိုင်းဒေသကြီး မိုးလုံလေလုံ အားကစားခန်းမ၌ (၁၃.၉.၂၀၂၃) ရက်နေ့မှ (၁၉.၉.၂၀၂၃) ရက်နေ့အထိ ယှဉ်ပြိုင်ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ
https://t.me/MyanmarNationalPost
No comments:
Post a Comment