MNP ၊ စက်တင်ဘာ ၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ယမန်နေ့က ဗန်းမော်မြို့ မြို့တော်ခန်းမ၌ ခရိုင်အတွင်းရှိ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များ၊ ပရဟိတအသင်းအဖွဲ့များ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး၊ ပြည်တွင်းထုတ်ကုန်များတိုးတက်မြှင့်မားရေး MSME လုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်ပေးရေး၊ ကျန်းမာကြံ့ခိုင်ပြီး ပညာရည်ပြည့်ဝသော၊ ဗလငါးတန်နှင့် ပြည့်စုံသော အနာဂါတ်လူငယ်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဗန်းမော်ဒေသခံ ပြည်သူများအနေဖြင့်လည်း မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ မိမိတို့ပြည်သူတစ်ဦးချင်းစီက အတူတကွ ဝိုင်းဝန်းပူးပေါင်းကြိုးစားဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကိုတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်သွားမည့် အစီအမံများကို ပြန်လည်ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ရှင်းလင်းပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က တစ်ဦးချင်း၊ အသင်းအဖွဲ့တစ်ခုချင်းက တည်ဆဲဥပဒေများအပေါ်လေးစားလိုက်နာပြီး အစိုးရအဖွဲ့၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အချိန်တိုအတွင်း လျင်မြန်စွာတိုးတက်လာမည်ဖြစ်ကြောင်းပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ဗန်းမော်တက္ကသိုလ်သို့ သွားရောက်ပြီး လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအစီအစဉ်ဖြင့် ကျောင်းသား/ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများ၏ ဆုရပန်းချီ၊ ကာတွန်း၊ ဆောင်းပါးများကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ တက္ကသိုလ်ဘက်စုံသုံးခန်းမဆောင်၌ ဗန်းမော်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(ဗန်းမော်)၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာအထက်တန်းကျောင်းတို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများနှင့်တွေ့ဆုံရာ တာဝန်ရှိသူများက တက္ကသိုလ်ဆိုင်ရာ အချက်အလက်များနှင့် သင်ကြားရေးဆိုင်ရာ အခက်အခဲများ/ လိုအပ်ချက်များကိုတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့် ကိစ္စရပ်များကို ဖြည့်စွက်ရှင်းလင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်များ၊ သင်ကြားရေးဆိုင်ရာပြခန်းပြကွက်များနှင့် တက္ကသိုလ်အလိုက် လုပ်ငန်းဆောင်ရွက်မှု ပြခန်းငယ်များကို လိုက်လံကြည့်ရှုအားပေးသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်အတွင်းရှိ ဗန်းမော်ပြည်သူ့ဆေးရုံသို့သွားရောက်ပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်၊ တာဝန်ရှိသူများနှင့်အတူ ဆေးရုံကြီး ကလေးဖျားနာကုသဆောင်အတွင်း တက်ရောက်ဆေးဝါးကုသမှုခံယူနေသော ကလေးငယ်များနှင့် မိခင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားများပြောကြားကြကာ ထောက်ပံ့ငွေများနှင့် အာဟာရဖြစ်မုန့်များကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment