MNP ၊ စက်တင်ဘာ ၆
မြစ်ကြီးနားမြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ ပြည်သူများ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ် ခဲ့သည့် လက်ရက်ကန်း၊ ဖဲနှတ်ကောက်သင်တန်းနှင့် အခြေခံစက်ချုပ် သင်တန်းများဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
သင်တန်းများ ဖွင့်လှစ်ပေးခဲ့ခြင်းနှင့် စပ်လျဥ်း၍ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်စိုးက သင်ကြားပေးခဲ့ သည့် နည်းပညာများအား အသုံးပြု၍ ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေတိုးပြီး ပုဂ္ဂလိက စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာပါက နိုင်ငံတော်၏စီးပွားရေးကို တစ်ဖက် တစ်လမ်းမှ အထောက် အကူပြုလာနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက သင်တန်းသူများ၏ သင်တန်းအလိုက် သင်ကြားထားသည့် သင်တန်းထွက် ကုန်ချောပစ္စည်းများနှင့် အဝတ်အထည်များ ခင်းကျင်း ပြသထားမှုကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ သင်တန်းများကို ဩဂုတ်လ ၈ ရက်နေ့မှ စက်တင်ဘာလ ၅ ရက်နေ့အထိ (၁) လကြာ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာမှ သင်တန်းသူ (၁၃) ဦးတို့အား ချည်ချခြင်း၊ နှပ်ကော်(ကော်စီကော်)ခြင်း၊ ဒီဇိုင်းပုံထုတ်ခြင်း၊ ဖဲနှတ်ကောက်/ ဖဲနှတ်တန်း နည်းနှင့် အထည်ရက်ခတ်ခြင်းတို့ကိုလည်းကောင်း၊ မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာမှ သင်တန်းသူ (၁၅) ဦးတို့အား ရင်ဖြတ်စက်၊ ရှေးမူရင်ဖုံး၊ ကော်လံထောင်၊ ချိတ်ထဘီနှင့် ဘောင်းဘီ ချုပ်လုပ်နည်းစသည့် အခြေခံစက်ချုပ်သင်တန်းကို လည်းကောင်း သင်ကြားပေးခဲ့ကြောင်းနှင့် အဆိုပါ သင်တန်းများအတွက် မွမ်းမံသင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment