MNP ၊ စက်တင်ဘာ ၂၈
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မွန်ပြည်နယ် လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ပြည်နယ်ခန်းမ၌ကျင်းပခဲ့ရာ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။
ဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကမြန်မာနိုင်ငံ၌ လူငယ်ဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်အတွက် အကျုံးဝင်သော အသက်အပိုင်းအခြားမှာ ၁၅ နှစ်မှ ၃၅ နှစ်အတွင်းဖြစ်ကြောင်း၊ ယင်းအသက်အပိုင်း အခြားအတွင်းရှိ လူငယ်များသည် မြန်မာနိုင်ငံလူဦးရေ စုစုပေါင်း၏ သုံးပုံတစ်ပုံခန့်ရှိကြောင်း၊ မိမိတို့နိုင်ငံအား ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအဖြစ် မျှော်မှန်းတည်ဆောက်လျက်ရှိရာ ယနေ့လူငယ်များသည် နိုင်ငံ၏အနာဂတ်အား ဆက်လက်တာဝန်ယူသွားကြရမည့်သူများဖြစ်သည့်အလျောက် လူငယ်ပြုစုပျိုးထောင်ရေး၊ လူငယ်ဖွံ့ဖြိုးရေးတို့အားစဉ်ဆက်မပြတ် ပြုလုပ်သွားရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်က တိုင်းပြည်အနာဂတ်အတွက် လူငယ်များ၏ အရေးပါမှုအခန်းကဏ္ဍနှင့်ပက်သက်၍ ဆွေးနွေးဟောပြောပြီး၊ စာရေးဆရာမ တက္ကသိုလ် နန်းဖြူဖြူထွန်းက လူငယ်များဗလငါးတန် ဖွံ့ဖြိုးတို့တက်ရေးအတွက် အသိပညာပေး ဟောပြောသည်။
ဆက်လက်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး၊ ဗိုဗီနမ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ ဗိုဗီနမ်အဖွဲ့မှ သရုပ်ပြသခြင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကာယဗလပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ ကာယဗလအားကစားသမား မောင်လင်းလင်းထိုက်က သရုပ်ပြသခြင်း၊ အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) သင်တန်းသား၊ သူများမှ Fitness Dance ဖြင့် သရုပ်ပြသနေမှုများအပေါ် ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ လူငယ်ရေးရာဦးစီးဌာနအတွက် ငွေကျပ် သိန်း (၅၀) ကို ပြည်ထောင်စုဒုတိယဝန်ကြီးထံ ပေးအပ်လှူဒါန်းခဲ့သည်။
ယင်းနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က မွန်ပြည်နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ရာ မွန်ပြည်နယ်ပညာရေးမှူး ဒေါ်နန့်စယ်လီလှိုင်မှ လက်ခံရယူပြီး မော်လမြိုင်မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများက တေးသီချင်းများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တာဝန်ရှိသူများမှ စာရေးဆရာမ တက္ကသိုလ် နန်းဖြူဖြူထွန်း၊ သရုပ်ပြအဖွဲ့များနှင့် တေးသီချင်းများဖြင့်ဖျော်ဖြေခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့ပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသော လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာပေများကို တက်ရောက်လာ သော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
စည်သူ
https://t.me/MyanmarNationalPost
No comments:
Post a Comment