MNP ၊ စက်တင်ဘာ ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ယမန်နေ့က စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီးနှင့် ရှေးဟောင်းသမိုင်းဝင် စကြာမုနိ ဗုဒ္ဓရုပ်ပွားတော်အား ဖူးမြော်ပြီး ဌာနဆိုင်ရာများ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တက္ကသိုလ်များနှင့် စစ်တွေမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့်အဖွဲ့သည် လောကာနန္ဒာ စေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်၍ စေတီတော်ဘက်စုံပြုပြင်နိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်းကြကာ စေတီတော်အတွင်း လှည့်လည်ဖူးမြော်ကြသည်။ ဆက်လက်၍ လောကာနန္ဒာစေတီတော်ပရိဝုဏ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင်စကြာမုနိ ဗုဒ္ဓရုပ်ပွားတော်အား ဖူးမြော် ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ စီးပွားရေးလုပ်ငန်း ရှင်များ၊ စာပေပညာရှင်များ၊ လူမှုရေးအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံရေးရည်မှန်းချက်မှာ စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးပင် ဖြစ်ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်သည် အရေးအကြီးဆုံး ဖြစ်ကြောင်း၊ ထို့ပြင် ကျေးလက်နေပြည်သူများနှင့် ဝေးလံဒေသများမှ တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး၊ အတန်းပညာ တတ်မြောက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းပြည်တစ်ပြည်တိုးတက်ရန်အခြေခံမှာ ပညာတတ်များပေါကြွယ်ဝခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများ မဖြစ်မနေလိုအပ်နေသည့်အတွက် နိုင်ငံသားတိုင်း ပညာရည်မြင့်မားရေးကို နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် မိမိတို့ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် အလားအလာကောင်းများစွာရှိသည့် ပြည်နယ်တစ်ခုဖြစ်ခြင်းကြောင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အားလုံးကဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းက ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသထွက်ကုန်များ တိုးချဲ့ထုတ်လုပ်နိုင်ရေးဆောင်ရွက်နေမှုတို့ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာကြသော မြို့မိ၊ မြို့ဖများ၊ ဒေသခံပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိဂုံးချုပ်အမှာစကားပြောကြားကာ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်သို့ သွားရောက်ပြီးစစ်တွေတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(စစ်တွေ)နှင့် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)တို့မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာရေးနှင့် စဉ်းစားတွေးခေါ်မှုကို အားပေးသော သင်ကြားသင်ယူမှု နည်းစနစ်များကို အသုံးပြုကာ အသိပညာအတတ်ပညာနှင့် ပြည့်စုံသောပညာတတ်များ ပေါများရေးကို ဦးတည်သင်ကြားလေ့ကျင့်ပေးကြရန်ပြောကြားပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့်အဖွဲ့သည် စစ်တွေမြို့ ဓာတ်လယ်ကျောင်းတိုက်၊ နန္ဒာရာမကျောင်းတိုက်နှင့် ကြွဖြူကျောင်းတိုက်တို့သို့ သွားရောက်ပြီး ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကာ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများအား ဆက်ကပ် လှူဒါန်းသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ် (စစ်တွေ)နှင့် ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)များသို့ သွားရောက်၍ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့်အဆောက်အဦများ ပြုပြင်ပြီးစီးနေမှုနှင့် ပြုပြင်နေမှုများကိုလည်း ကောင်း၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာပညာ သင်ကြားနေမှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် စစ်တွေပွိုင့်အပန်းဖြေစခန်းအား ပြန်လည်အဆင့် မြှင့်တင်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ စစ်တွေမြို့ရှုခင်းသာလမ်း (စာတိုက်လမ်းဆုံမှ စစ်တွေဟိုတယ်လမ်းဆုံအထိ)လမ်းပိုင်း ပြန်လည်ပြုပြင်နေမှုနှင့် လမ်းတိုးချဲ့ဆောင်ရွက်နေမှုများကို လည်းကောင်းသွားရောက် ကြည့်ရှုစစ်ဆေးကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များကိုမှ ကြားခဲ့ကြောင်း သတင်းရရှိသည်။
#MyanmarNationalPost
No comments:
Post a Comment