(၃၁) ကြိမ်မြောက် အာရှနှင့်ပစိဖိတ်ဒေသတွင်းဆိုင်ရာ အင်ဂျင်နီယာများအဖွဲ့ချုပ် အထွေထွေညီလာခံနှင့် (၇) ကြိမ်မြောက် ဂုဏ်ထူးဆောင်ဟောပြောပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၃၁) ကြိမ်မြောက် အာရှနှင့်ပစိဖိတ်ဒေသတွင်းဆိုင်ရာ အင်ဂျင်နီယာများအဖွဲ့ချုပ် အထွေထွေညီလာခံနှင့် (၇) ကြိမ်မြောက် ဂုဏ်ထူးဆောင်ဟောပြောပွဲ အခမ်းအနားကျင်းပ


MNP ၊ စက်တင်ဘာ ၁၂

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်တို့က ကြီးမှူး၍ (၃၁)ကြိမ်မြောက် အာရှနှင့်ပစိဖိတ်ဒေသတွင်းဆိုင်ရာ အင်ဂျင်နီယာများအဖွဲ့ချုပ် အထွေထွေညီလာခံနှင့် (၇)ကြိမ်မြောက် ဂုဏ်ထူးဆောင်ဟောပြောပွဲ အခမ်းအနားကို ယမန်နေ့က နေပြည်တော် Grand Aster Villa Hotel ရှိ Jade Ballroom ၌ ကျင်းပသည်။

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယကများ၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ Federation of Engineering Institute of Asia and Pacific (FEIAP) (ဖီးယက်ပ်)အဖွဲ့ဝင် အာရှနှင့်ပစိဖိတ်ဒေသတွင်း အင်ဂျင်နီယာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပညာရှင်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ FEIAP(ဖီးယက်ပ်)၏လက်ရှိ ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယကအဖွဲ့ဝင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းပေးပို့သော Video clip ကိုဖွင့်လှစ်၍ အခမ်းအနားကို စတင်သည်။

ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယကအဖွဲ့ဝင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်က မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီသည် ၂၀၁၆ ခုနှစ်တွင် FEIAP (ဖီးယက်ပ်) အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခံရပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်သည် ၂၀၁၉ ခုနှစ်တွင် FEIAP (ဖီးယက်ပ်)၏ တွဲဖက်အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခံခဲ့ရပါကြောင်း၊ အချိန်တိုအတွင်းတွင် (၃၁) ကြိမ်မြောက် အာရှနှင့် ပစိဖိတ်ဒေသတွင်းဆိုင်ရာ အင်ဂျင်နီယာများအဖွဲ့ချုပ် အထွေထွေညီလာခံနှင့် (၇) ကြိမ်မြောက် ဂုဏ်ထူးဆောင် ဟောပြောပွဲအခမ်းအနားကို မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက် မိပါကြောင်း။

FEIAP (ဖီးယက်ပ်)သည် အာရှနှင့်ပစိဖိတ်ဒေသရှိ နိုင်ငံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ပံ့ပိုးပေးရန်အတွက်ကောင်းမွန်သော အင်ဂျင်နီယာအလေ့အကျင့်များကို မြှင့်တင်ရန်နှင့် အာရှနှင့်ပစိဖိတ်ဒေသရှိ အဖွဲ့ဝင်နိုင်ငံများအကြား အင်ဂျင်နီယာဆိုင်ရာ နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အကြံဉာဏ်များ ဖလှယ်ခွင့်ရရှိစေရန်ရည်ရွယ်ပြီး ဖွဲ့စည်းဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။

အင်ဂျင်နီယာပညာရပ်များတွင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုသည် ဆောက်လုပ်ရေးလုပ်ငန်း၏ အနာဂတ်အတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်၍ FEIAP (ဖီးယက်ပ်) အထွေထွေညီလာခံမှ ပံ့ပိုးအကောင်အထည်ဖော်ရန် လိုပါကြောင်း။

ယခုကျင်းပသည့် ညီလာခံနှင့် ဟောပြောပွဲတွင် ပါဝင်ဆွေးနွေးသည့် ဟောပြောသူ၊ စာတမ်းဖတ်ကြားသူ အင်ဂျင်နီယာများစွာ၏ ကြိုးပမ်းအားထုတ်မှုများအတွက် အသိအမှတ်ပြု ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် တီထွင်ဆန်းသစ်မှုများအား ဆက်လက်၍လုပ်ဆောင်ကြရန် တိုက်တွန်းအားပေးလိုပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယကအဖွဲ့ဝင် ပါမောက္ခဒေါက်တာညီလှငယ်နှင့် FEIAP(ဖီးယက်ပ်) ဥက္ကဋ္ဌ(ကိုယ်စား) Professor Mr . Huang Wei တို့က အမှာစကားများ ပြောကြား သည်။ ယင်းနောက် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာအောင်ကျော်မြတ်နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးအောင်မြင့်တို့က (၃၁) ကြိမ်မြောက် အာရှနှင့်ပစိဖိတ်ဒေသတွင်းဆိုင်ရာ အင်ဂျင်နီယာများအဖွဲ့ချုပ် အထွေထွေညီလာခံနှင့် (၇) ကြိမ်မြောက် ဂုဏ်ထူးဆောင် ဟောပြောပွဲကျင်းပရခြင်းနှင့်အင်ဂျင်နီယာများ၏ အခန်းကဏ္ဍတို့ကို ရှင်းလင်းတင်ပြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍ ညီလာခံဒုတိယပိုင်းကို Diamond Hall 1 တွင်ကျင်းပရာ ညီလာခံသို့ တက်ရောက်လာကြသည့် ပြည်တွင်း၊ ပြည်ပမှပညာရှင်များ၊ ကိုယ်စားလှယ်များ၊ စာတမ်းရှင်များက သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် စာတမ်းများဖတ်ကြားဆွေးနွေးခြင်း၊ ဟောပြောခြင်း၊ မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။

ထို့နောက်ညီလာခံသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များကို မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့မှ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံစဉ် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ မြန်မာ့ယဉ်ကျေးမှုအနုပညာဖြင့် ဂုဏ်ပြုကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)