MNP ၊ စက်တင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ဆီအုန်းကုမ္ပဏီပေါင်း ၃၉ ခုက ဆီအုန်းစိုက်ဧကပေါင်း ၃၉၅၇၂၁ ဧက စိုက်ပျိုးထားနိုင်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဆီအုန်းစိုက်ပျိုးအောင်မြင်နိုင်သည့် တနင်္သာရီတိုင်းဒေသကြီး၏ ရေ၊ မြေ၊ ရာသီဥတုကြောင့် ပြည်တွင်းသာမက ပြည်ပကုမ္ပဏီများက ဆီအုန်းစိုက်ပျိုးမှုအတွက် လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင် လျက်ရှိပြီးလွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်ခန့်မှစတင်ကာ ဆီအုန်းစိုက်ပျိုးမှု စတင်ခဲ့ခြင်းဖြစ်သည်။
“၂၀၂၃ ဧပြီလမှ ကောက်ယူထားတဲ့ စာရင်းများအရဆိုရင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်နဲ့ကော့သောင်းခရိုင်တွေမှာ ဆီအုန်းစိုက်ဧကပေါင်း ၃၉၅၇၂၁ ဧကရှိပါတယ်။ ဆီသီးခိုင်ခူးနိုင်တဲ့ဧကက ၁၈၃၃၂၁ ဧကရှိတယ်။ တစ်ဧကအထွက်နှုန်းကတော့ ၂ ဒသမ ၇၄ တန် ထွက်ရှိပါတယ်။
စုစုပေါင်းဆီသီးခိုင်ထွက်ရှိမှုကတော့ ၅၀၂၈၂၅ တန် ထွက်ရှိပါတယ်” ဟု တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ဆီအုန်းစိုက်ပျိုးသည့် ကုမ္ပဏီပေါင်း ၃၉ ခုနှင့် ပုဂ္ဂလိကခြံရှင် ၄၀ နီးပါးခန့်ရှိပြီးထွက်ရှိလာသည့် ဆီသီးခိုင်အများစုကို ဘုတ်ပြင်းခရိုင်နှင့် ကော့သောင်းခရိုင်အတွင်းရှိ ဆီကြမ်းစက်များသို့ သွားရောက်ရောင်းချရသဖြင့် အလေအလွင့်များနှင့် ကုန်ကျစရိတ်များပြားကြောင်းနှင့် ယခုလက်ရှိတွင် ဆီသီးခိုင်ဈေးနှုန်းမှာ တစ်တန်လျှင် ငွေကျပ် ၃၃၀၀၀၀ ခန့် ပေါက်ဈေးရှိကြောင်း သိရသည်။
မြိတ်မြို့နယ်အတွင်း ဆီအုန်းစိုက်ပျိုးလုပ်ကိုင်နေသူတစ်ဦးက “ကျွန်တော်တို့ခြံကထွက်ရှိတဲ့ ဆီသီးခိုင်တွေကို တောင်ဒဂုံစက်ရုံမှာ သွားရောက်ရောင်းချနေရတယ်။ ဆီအုန်းစိုက်ပျိုးမှုက လက်ရှိမှာ တွက်ခြေကိုက်ပေမယ့် ထွက်ရှိလာတဲ့ ဆီသီးခိုင်တွေ သွားရောက်ရောင်းချရတာဝေးတော့ စရိတ် ကုန်ကျမှုနဲ့ အလေအလွင့်တွေရှိပါတယ်။ မြိတ်ခရိုင်အတွင်းမှာသာ ဆီကြမ်းနဲ့ဆီချောစက်ရုံတွေရှိမယ်ဆိုရင် ကျွန်တော်တို့ ခြံရှင်တွေအတွက် ပိုအဆင်ပြေလာနိုင်ပြီး ဝင်ငွေလည်း တိုးပွားလာနိုင်ပါတယ်”ဟု ပြောသည်။
ဒေသခံတောင်သူများနှင့်ကုမ္ပဏီများအနေဖြင့် ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းကို ထိထိရောက်ရောက် စိုက်ပျိုးလုပ်ကိုင်ပါက ဆီအုန်းစတင်စိုက်ပျိုးချိန်မှစ၍ ငါးနှစ်ခန့်အကြာတွင် စီးပွားဖြစ်စတင်ဆွတ်ခူးနိုင် မည်ဖြစ်ပြီး သုံးနှစ်အကြာတွင် အရင်းကျေကာလတစ်ခုကို ရောက်ရှိကာ နောက်ထပ်နှစ်ပေါင်း ၂၀ ကျော်ကြာသည်အထိ ဆီသီးခိုင်များထုတ်လုပ်နိုင်မည်ဖြစ်၍ ရေရှည်ဝင်ငွေရရှိမည့် စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီကြမ်းစက်ရုံများတည်ရှိမှုမှာ ထားဝယ်ခရိုင်တွင် တစ်ခု၊ မြိတ်ခရိုင် တွင် တစ်ခု၊ ဘုတ်ပြင်းခရိုင်တွင် နှစ်ခုနှင့်ကော့သောင်းခရိုင်တွင် နှစ်ခုစုစုပေါင်းဆီကြမ်းစက်ရုံ ခြောက်ခုရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ မြန်မာနိုင်ငံတွင် ဆီအုန်းစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းသည့်ဒေသမှာ တနင်္သာရီတိုင်းဒေသကြီးတစ်ခုတည်းသာ ရှိသောကြောင့် မြိတ်ခရိုင်၌ ဆီကြမ်းစက်ရုံနှင့် ဆီချောစက်ရုံ၊ ကော့သောင်းခရိုင်၌ ဆီချောစက်ရုံများ ဖြစ်ပေါ်လာရန် ကုမ္ပဏီများနှင့် ဒေသခံဆီအုန်း စိုက်ပျိုးသူခြံရှင်များက မျှော်လင့်နေကြကြောင်း သိရသည်။
မြင့်ဦး(မြိတ်)
#MyanmarNationalPost
No comments:
Post a Comment