MNP ၊ စက်တင်ဘာ ၁၇
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ကျင်းပသည့် ဒုတိယအကြိမ်မြောက် တရုတ် - အာဆီယံ နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာအသုံးပြုခြင်းဖိုရမ်သို့ တက်ရောက်သည်။
အဆိုပါဖိုရမ်တွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာ၌ နိုင်ငံ့ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များနှင့်အညီ ပြည်သူ့လူမှုစီးပွားဘဝ မြင့်မားရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် MSMEs ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးရေးနှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်ဆောင်ရွက်ရန်ရှိကြောင်း၊ သို့ဖြစ်ရာ ယင်းလုပ်ငန်းများ တိုးတက်ရန်ပံ့ပိုးပေးမည့် နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာအသုံးပြုမှုဆိုင်ရာ သုတေသနများ၊ လူ့စွမ်းအားရင်းမြစ်ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ထို့ပြင် ဒုတိယဝန်ကြီးက အာဆီယံ-တရုတ်လွတ်လပ်သော ကုန်သွယ်မှုနယ်မြေ၌ အရည်အသွေးမြင့်မားသည့် ဖွံ့ဖြိုးမှုကိုမြှင့်တင်နိုင်ရန် မျှော်မှန်းထားလျက်ရှိရာ ဖိုရမ်ဆောင်ပုဒ်ဖြစ်သည့် "Atoms for Better Home" နှင့် ကိုက်ညီထင်ဟပ်နေကြောင်း၊ နျူကလီးယားစွမ်းအင်ငြိမ်းချမ်းစွာအသုံးပြုရေး၊ ဘေးကင်းစေရေးအစီအမံများနှင့် ထိန်းချုပ်စောင့်ကြပ်ရေးအဆင့်မြှင့်တင်မှုများကို နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်နေကြောင်း၊ အရှေ့တောင်အာရှ နျူကလီးယားလက်နက် ကင်းမဲ့ရေးဇုန်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ခိုင်မာသောကတိကဝတ်များကို ထပ်မံအတည်ပြုခဲ့ပြီးဖြစ်ကာ အာဆီယံအဏုမြူ စွမ်းအင်ကြပ်မတ်ရေးဌာနများကွန်ရက် (ASEANTOM) အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ASEANTOM-IAEA ၏ နျူကလီးယားလုံခြုံရေးနှင့် ဓာတ်ရောင်ခြည်အရေးပေါ်ကိစ္စရပ်များအတွက် ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်မှုများဆိုင်ရာစီမံကိန်းတွင်လည်း ပါဝင်ဆောင်ရွက်နေကြောင်း၊ IAEA ၏ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ဖြင့် နျူကလီးယားသိပ္ပံနှင့် နည်းပညာအသုံးချရေးများအပြင် စွမ်းရည်မြှင့်တင်ရေးများ ဆောင်ရွက်နေကြောင်း ဆက်လက်ပြောကြားသည်။
ဖိုရမ်အတွင်း ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် တရုတ်အဏုမြူစွမ်းအင်အေဂျင်စီ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တရုတ်အမျိုးသားနျူကလီးယားကော်ပိုရေးရှင်း ဒုတိယဥက္ကဋ္ဌတို့နှင့်လည်းတွေ့ဆုံခဲ့ပြီး စိုက်ပျိုးရေးထုတ်ကုန်ကဏ္ဍ မြှင့်တင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် နျူကလီးယားနည်းပညာကို အသုံးချခြင်းအပြင် သုတေသနနှင့်လူ့စွမ်းအားရင်းမြစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment