MNP ၊ စက်တင်ဘာ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းများ၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ဆန်နှင့်စားသုံးဆီများရောင်းချနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ညနေ့ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ မြို့နယ်ရှစ်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများသို့ စားသုံးဆီများရောင်းချရာတွင်လည်း နေပြည်တော်အတွက်ရရှိသည့် စားသုံးဆီများကို မြို့နယ်အလိုက် လူဦးရေနှင့်အချိုးချပြီး ခွဲတမ်းများအလိုက် ခွဲဝေပြီး အမှန်တကယ် လိုအပ်နေ့သည့် ပြည်သူများထံ လက်ဝယ်အရောက် ရောင်းချပေးသွားရမှာဖြစ်ကြောင်း၊ ဒေသတွင်းစားသုံးဆီဖူလုံရေးနှင့် ထုတ်ကုန်တိုးတက်ရေးကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ခရိုင်/မြို့နယ် စားသုံးဆီဖြန့်ဖြူးရောင်းချရေးကြီးကြပ်မှုကော်မတီများက ကော်မတီ၏ လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ ဒေသအတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ ပြည်သူများအား ဆန်နှင့်ဆီများကို သတ်မှတ်ထားသော ဈေးနှုန်းများနှင့်အညီ စနစ်တကျရောင်းချပေးနိုင်ရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးကို အလေးထားဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခမ်လျန်စွမ်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက မြို့နယ်ရှစ်မြို့နယ်အတွင်း ဒေသခံပြည်သူများအား သက်သာသော ဈေးနှုန်းများ၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ဆန်နှင့်စားသုံးဆီများရောင်းချပေးမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက တင်ပြသည့်ချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment