မြန်မာနိုင်ငံတွင် ပြည်ပမွေးမြူရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံနိုင်မှုအခွင့်အလမ်းများ ဖော်ဆောင်ပေးရေး ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံတွင် ပြည်ပမွေးမြူရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံနိုင်မှုအခွင့်အလမ်းများ ဖော်ဆောင်ပေးရေး ညှိနှိုင်းဆွေးနွေး



MNP ၊ စက်တင်ဘာ ၂၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပခဲ့သည့် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative - BRI) တွင် ပါဝင်သည့် နိုင်ငံများအတွက် သွင်းကုန်နှင့်ပို့ကုန် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုညီလာခံ တက်ရောက်ပြီး စက်တင်ဘာ ၁၈ ရက်က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။

နန်နင်းမြို့၌ ရောက်ရှိစဉ် Royal Group နို့နှင့် နို့ထွက်ပစ္စည်းကုမ္ပဏီ၏ နို့နှင့် နို့ထွက်ပစ္စည်း သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှု၊ ဈေးကွက်တင်ပို့မှုလုပ်ငန်းများကို သွားရောက်လေ့လာခဲ့သည်။ အဆိုပါတရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စတုတ္ထမြောက်အကြီးဆုံး နို့ထွက်ပစ္စည်းလုပ်ငန်းလုပ်ကိုင်နေသည့် Royal Group Co.,Ltd သည် နို့စားကျွဲ မွေးမြူသည့်အဆင့်မှ ဈေးကွက်တင်ပို့သည့်အဆင့်ထိ လုပ်ငန်းစဉ်များပါဝင်သော နို့နှင့်နို့ထွက်ပစ္စည်းစက်ရုံရှစ်ရုံကို ကွမ်ရှီးပြည်နယ်၊ ယူနန်ပြည်နယ်၊ ဟူနန်ပြည်နယ်၊ ဂူဇိုဟူးပြည်နယ်၊ စီချွမ်ပြည်နယ်များတွင် တည် ဆောက်ထားရှိပြီး နှစ်စဉ်နို့တန်ချိန်ပေါင်း တန် ၈၅၀၀၀၀ အသုံးပြု၍ နို့ထွက်ပစ္စည်းများ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ စက်ရုံအစည်းအဝေးခန်းမ၌ နန်နင်းမြို့၏ ကီလို ၅၀၀ ပတ်လည်အတွင်း၌ နို့စားကျွဲ ၂၀၀၀၀ ကျော် မျိုးပွားမွေးမြူထားရှိမှုအခြေအနေ၊ သုံးနှစ်အတွင်း နို့စားကျွဲမျိုး သန္ဓေသားမျိုးချောင်းတစ်သိန်းကျော်ကို ပါကစ္စတန်နိုင်ငံမှတင်သွင်း၍ လုပ်ငန်းတိုးချဲ့ဆောင်ရွက်မည့် အခြေအနေ၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ မျိုးကောင်းမျိုးသန့်များပွားများ ထုတ်လုပ်မှုနှင့် တရုတ်နိုင်ငံဈေးကွက်နှင့် အိမ်နီးနားချင်းနိုင်ငံ ဈေးကွက်များသို့ဖြန့်ဝေနေမှုတို့ကို တာဝန်ရှိသူ များက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရေမြေရာသီဥတုအခြေအနေကောင်းများရှိနေသည့် မိမိတို့မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရန်လိုအပ်သည့် မြေယာအသုံးပြုခွင့်ရရှိရေးကို တည်ဆဲဥပဒေများနှင့်အညီ ကူညီဆောင်ရွက်ပေးနိုင်ပါကြောင်း၊ နို့စားနွားမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးလျက်ရှိပြီး တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံပါက နှစ်ဦးနှစ်ဖက်အကျိုးရှိသော လုပ်ငန်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကွမ်ရှီးကျွမ့်စိုက်ပျိုးရေး သုတေသနအကယ်ဒမီ (Guangxi Academy of Agricultural Sciences) သို့ ရောက်ရှိရာ သုတေသနခန်းမဆောင်၌ သုတေသန အကယ်ဒမီဌာနခွဲ ၁၈ ခုမှ သီးနှံအမျိုးမျိုးကို သုတေသန ပြုလုပ်နေမှုအခြေအနေနှင့် သုတေသနရလဒ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာသုတေသနအဖွဲ့အစည်းများနှင့် လယ်ယာကဏ္ဍသုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ ဆက်လက်တိုးချဲ့ဆောင်ရွက်နိုင်မည့် အလားအလာများ၊ Young Scientist များကို ဖိတ်ခေါ်၍ သင်တန်းပို့ချပေးနေမှု၊ မြန်မာနိုင်ငံစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ နည်းပညာတက္ကသိုလ်(မန္တလေး)နှင့် ကွမ်ရှီးကျွမ့်စိုက်ပျိုးရေး သုတေသနအကယ်ဒမီတို့အကြား ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ ငါးနှစ်သက်တမ်းရှိသည့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ နည်းပညာနှင့် သုတေသနများ ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ နားလည်မှုစာချွန်လွှာ သက်တမ်းတိုးမြှင့်နိုင်ရေး လုပ်ငန်းစဉ်များကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးရာတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် ကွမ်ရှီးကျွမ့်စိုက်ပျိုးရေး သုတေသနအကယ်ဒမီတို့၏ နားလည်မှုစာချွန်လွှာ သက်တမ်းတိုးမြှင့်ရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည့်အခြေအနေ၊ မျိုးစေ့နှင့်ဗီဇအရင်းအမြစ်များ အပြန်အလှန်လဲလှယ်ခြင်း၊ စပ်မျိုးပြောင်းမျိုးစေ့ထုတ်လုပ်သည့်လုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်သွားရန်၊ အနာဂတ်တွင်နက်ရှိုင်းသည့် ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်နိုင်မည့် အလားအလာများကို ဆွေးနွေးပြောကြားခဲ့သည်။

စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကူမင်းမြို့အနီး၌ Shaighai Pengxin Group ၏ ၁၃၇ ဧကရှိ နို့စားနွား မွေးမြူရေးခြံတွင် နို့စားနွားကောင်ရေ ၁၀၀၀၀ မွေးမြူထားရှိမှု၊ အစာကျွေးစနစ်များနှင့် နို့ညှစ်လုပ်ငန်းဆောင်ရွက်နေမှုများကို လေ့လာကြည့်ရှုပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ နွားမွေးမြူရေး လုပ်ငန်းလာရောက်ရင်းနှီးမြှုပ်နှံရန်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ရရှိရေး၊ မြေယာအသုံးပြုခွင့်ရရှိရေးအပါအဝင် လိုအပ် ချက်များကို တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC) နှင့် ကျွဲနွားတင်ပို့ရေးဆိုင်ရာ သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်၍ ကျွဲ နွားနှင့် အသားကုန်သွယ်မှု လုပ်ငန်းများ အမြန်ဆုံးစတင်နိုင်ပါက မိမိတို့နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံသူများ နှစ်ဦးနှစ်ဖက်အကျိုးရှိနိုင်မှု၊ လုပ်ငန်းမြန်မြန်အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ လက်ရှိမွေးမြူထားသော ဒေသကျွဲနွားများကို ပြုန်းတီးမှုမှကာကွယ်နိုင်ရန်နှင့် စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် တင်ပို့မည့်အရေအတွက် ပမာဏအလိုက် မွေးမြူရေးခြံများ တည်ထောင်ဆောင်ရွက်ပြီး ကျွဲ နွား အရှင်နှင့် အေးခဲအသားများ စဉ်ဆက်မပြတ် ထုတ်လုပ်တင်ပို့နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် နန်နင်းမြို့၌ ရောက်ရှိနေစဉ်အတွင်း မြန်မာနိုင်ငံသို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံလိုသော ကုမ္ပဏီများကိုတွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ နည်းလမ်းများနှင့် နှစ်ဖက်အကျိုးရှိစေမည့် ဦးစားပေးဆောင်ရွက်သင့်သည့် လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)