နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း ကယားပြည်နယ်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ပြည်နယ်အဆင့်) ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း ကယားပြည်နယ်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ပြည်နယ်အဆင့်) ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်ချီးမြှင့်







MNP ၊ စက်တင်ဘာ ၁၅

ကယားပြည်နယ် ၂၀၂၃ခုနှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ပြည်နယ်အဆင့်) ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာကော်မတီ၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအသီးသီးမှ ကော်မတီဝင်များ၊ ပြိုင်ပွဲအကဲဖြတ် ပညာရှင်ဒိုင်ချုပ်နှင့် ဒိုင်များ၊ ပြိုင်ပွဲဝင်များနှင့် မိသားစုဝင်များ၊ အနုပညာ ချစ်မြတ်နိုးသည့် တိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။


ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုနှစ်ပြည်နယ်အဆင့်ပြိုင်ပွဲတွင် ပညာရှင်နှင့်ဝါသနာရှင် စုစုပေါင်း ပြိုင်ပွဲဝင်ဦးရေ(၃၆၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုချီးမြှင့်ပွဲ အခမ်းအနား၌ အဆို၊ အက၊ အရေး၊ အတီး ကဏ္ဍအလိုက် ဆုရရှိသူများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့် မည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအဆင့်တွင် အောင်မြင်မှုဆုတံဆိပ်များကို ပြည်နယ်ဂုဏ်ဆောင်အနေဖြင့် ဆွတ်ခူးရရှိစေရန် မျိုးဆက်သစ်များကို နည်းပြများဖြင့် အနီးကပ်လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်ချက်များ ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသည် တည်ရှိနေဆဲဖြစ်သည့် ရိုးရာယဉ်ကျေးမှု အနုသုခုမ ပညာရပ်များ မတိမ်မြုပ်၊ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်မြှင့်တင်ပေးနေခြင်းဖြစ်၍ ပြည်နယ်သူ ပြည်နယ်သား အားလုံးက ဂုဏ်ပြုကြိုဆိုအားပေးရမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်၊ ကယားပြည်နယ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ပြည်နယ်အဆင့်)၌ ဆုရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေ၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒိုင်ချုပ်နှင့်အကဲဖြတ်ဒိုင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်သည်။


ယင်းနောက် ပြိုင်ပွဲတွင် ဆုရရှိကြသည့် အဆို၊ အက၊ အရေး၊ အတီး အဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အဖွဲ့များနှင့် ပြိုင်ပွဲဝင်မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။


မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ်(လွိုင်ကော်)နှင့် အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်)သို့သွားရောက်၍ တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကြသည်။


ရှေးဦးစွာ နည်းပညာတက္ကသိုလ်(လွိုင်ကော်)၌ ကျောင်းပရိဝုဏ်အတွင်း ကျောင်းသား(၁၆၀)ဆံ့ နှစ်ထပ်အိပ်ဆောင် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က အရည်အသွေး ကောင်းမွန်စေရေး သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်သွားကြရန်နှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ နေထိုင်၍ပညာသင်ကြားနိုင်ရေးအတွက် စနစ်တကျစီမံ ဆောင်ရွက်ပေးသွားကြရန်မှာကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်)၌ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်က အမှာစကားပြောကြားပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်)အတွက် ထောက်ပံ့ငွေများပေးအပ်ကြကာ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားသည်။


ထို့နောက်ခန်းမအတွင်း ခင်းကျင်းပြသထားသော အားကစားလှုပ်ရှားမှုဆိုင်ရာ မှတ်တမ်း ဓါတ်ပုံများ၊ အားကစားနည်းများ အလိုက်အသုံးပြုသောပစ္စည်းများ၊ ကျောင်းဝင်းအတွင်းရှိ သင်တန်းသား၊ သင်တန်းသူများ၏ အိပ်ဆောင်၊ စာကြည့်တိုက်၊ ကွန်ပျူတာခန်းနှင့် အားကစားခန်းမအတွင်း အားကစားနည်းများအလိုက် လေ့ကျင့်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးကြကာ ပြည်နယ်ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင်ထူးချွန် အားကစားသမားများဖြစ်အောင် ကြိုးစားသွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)