နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင် ဟိုပန်မြို့နယ် ပန်လုံမြို့တွင် ၁၀ ဒသမ ၅ ကေဗွီ လျှပ်စစ်ဓာတ်အားလိုင်းဖွင့်ပွဲ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင် ဟိုပန်မြို့နယ် ပန်လုံမြို့တွင် ၁၀ ဒသမ ၅ ကေဗွီ လျှပ်စစ်ဓာတ်အားလိုင်းဖွင့်ပွဲ တက်ရောက်



MNP ၊ စက်တင်ဘာ ၁၆

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ဟိုပန်ခရိုင် ဟိုပန်မြို့နယ် ပန်လုံမြို့တွင် ၁၀ ဒသမ ၅ ကေဗွီ လျှပ်စစ်ဓာတ်အားလိုင်း ဖွင့်ပွဲကို ယမန်နေ့က ပန်လုံမြို့ အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်းဥက္ကဋ္ဌ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ “ဝ”တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ကိုးကန့်ယဉ်ကျေးမှု အဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က ပန်လုံမြို့၌ ၁၉၉၅ ခုနှစ်တွင် ဒီဇယ်မီးစက်ဖြင့် အချိန်ပိုင်းသာ လျှပ်စစ်မီးပေးနိုင်ပါကြောင်း၊ ယခုအခါတွင် အချိန်ပြည့်လျှပ်စစ်မီး သုံးစွဲနိုင်ပြီဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်မှု ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ပန်လုံမြို့နေ ဒေသခံပြည်သူများအတွက် ၂၄ နာရီအပြည့် လျှပ်စစ်မီးရရှိသုံးစွဲနိုင်ပြီဖြစ်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားသည်။

ထို့နောက် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌ ဦးညီနပ် က ပန်လုံမြို့အား ၂၄ နာရီ အချိန်ပြည့် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေးအတွက် ၁၀ ဒသမ ၅ ကေဗွီ ဓာတ်အားလိုင်း ၂ ဒသမ ၂ မိုင် ဆောင်ရွက်ခဲ့မှုအခြေအနေကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပန်လုံမြို့ လျှပ်စစ်အင်ဂျင်နီယာ ဦးမြင့်နိုင်ဦးက လျှပ်စစ်မီးရယူသုံးစွဲခြင်းနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ လျှပ်စစ်ဓာတ်အားလိုင်းကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်နှင့် ဦးရွှေကြိမ်းတို့က ဓာတ်အားလိုင်းကို ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်နှင့် ဦးရွှေကြိမ်းတို့က “ဝ” တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့နှင့် ကိုးကန့်စာပေယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ဒုတိယတိုင်းမှူးတို့က ဘင်ခရာတပ်ဖွဲ့နှင့် ပန်းဖွားအကအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် ဟိုပန်မြို့နယ် ပန်လုံမြို့တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်ရွက်မည့် သောက်သုံးရေ ရရှိရေး ရေစုကန် အမှတ်(၁) ဆောင်ရွက်မည့်နေရာကို လည်းကောင်း၊ ပန်လုံမြို့ရှိ ပန်လုံဟော်နန်း ကိုလည်းကောင်း သွားရောက်ကြည့်ရှုပြီး ပန်လုံပြည်သူ့ဆေးရုံသို့သွားရောက်ကာ ဆေးကုသမှု ခံရယူနေသော ဒေသခံပြည်သူများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်နှင့် ဦးရွှေကြိမ်းတို့က ပန်လုံဆေးရုံအတွက် ချီးမြှင့်ငွေ ပေးအပ်ရာ ဆေးရုံအုပ်ကြီးက လက်ခံရယူသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် အဖွဲ့သည် “ဝ” ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း ဟိုပန်ခရိုင် ဟိုပန်မြို့နယ်ရှိ ခိုင်ဝေဖြိုးကုမ္ပဏီလီမိတက်၏ တိရစ္ဆာန်အစာထုတ်လုပ် စက်ရုံကို သွားရောက်ကြည့်ရှုသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့၊ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူနေသော ဒေသခံတိုင်းရင်းသား ပြည်သူများကို အားပေးစကားပြောကြားပြီး အာဟာရဖြည့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ ဟိုပန်ပြည်သူ့ဆေးရုံအတွက် ချီးမြှင့်ငွေများပေးအပ်ရာ ဆေးရုံအုပ်ကြီးနှင့် ဆရာဝန် ဆရာမများက လက်ခံရယူသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် များနှင့်အဖွဲ့သည် ဟိုပန်မြို့ မြသိန်းတန် ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ဟိုပန်မြို့ပေါ်ရှိ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကာ နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့ ဝဏ္ဏကျော်ထင်စဝ်ခွန်ဆမ် ခန်းမ၌ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်း သားယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဆရာ ဆရာမများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော် က အမှာစကားပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက နှုတ်ခွန်းဆက် စကားပြောကြားပြီး တက်ရောက်လာကြသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများက လုပ်ငန်းကဏ္ဍ အလိုက် ရှင်းလင်းဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့ရှိ “ဝ”၊ ရှမ်း၊ ကိုးကန့်၊ ကချင်၊ လားဟူ၊ လီဆူ၊ မြောင်ဇီး၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ထောက်ပံ့ ပေးအပ်ကြပြီး ခင်းကျင်းပြသထားသည့် ဟိုပန်မြို့ MSMEs ထုတ်ကုန်များကို လှည့်လည် ကြည့်ရှုအားပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် အဖွဲ့သည် လားရှိုးခရိုင် ကွမ်းလုံမြို့ရှိ သံလွင်မြစ်ကူးတံတား (ကွမ်းလုံ) တံတားသစ်နှင့် နမ့်ဟူး (ကွမ်းလုံ)- ဟိုပန် - မိုင်းမောလမ်းပေါ်ရှိ နမ့်တိန်းတံတား (တံတား အမှတ် ၁/၁ ) ၄၈၂ ပေ တည်ဆောက်ခြင်းလုပ်ငန်းကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)