MNP ၊ စက်တင်ဘာ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက တပ်မတော်ရဟတ်ယာဉ်ဖြင့် စစ်တွေမြို့မှ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များသို့ သွားရောက်ပြီး အဆိုပါမြို့နယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကြကာ ရသေ့တောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေနှင့်အဖွဲ့သည် မောင်တောမြို့သို့ သွားရောက်ပြီး မောင်တောမြို့သာသနာ့ဗိမာန်၌ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေက နယ်စပ်ဒေသများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများနှင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံခွင့်ရရှိသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ မောင်တောဒေသသို့ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် တာဝန်ထမ်းဆောင်စဉ်က မရောက်ရှိနိုင်ခဲ့သော်လည်း ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တာဝန် ထမ်းဆောင်စဉ် နိုင်ငံတော်အကြီးအကဲများ၏ ခရီးစဉ်တွင်လိုက်ပါ၍ ရောက်ရှိခဲ့ပါကြောင်း၊ ယခုအခါ မောင်တောဒေသသို့ လာရောက်ခြင်းသည် မိမိဦးဆောင်မှုဖြင့် ရောက်ရှိလာပြီး ဒေသခံပြည်သူ များနှင့်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉) ရပ်ချမှတ်ကာ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံရေးရည်မှန်းချက်မှာ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို ဆောင်ရွက်ရာတွင် အဆိုပါစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သူ၊ ဦးဆောင်သူ၊ လိုက်နာကျင့်သုံးသူများအားလုံး အသိပညာအတတ်ပညာများရှိရန် လိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကျေးလက်နေပြည်သူများနှင့် ဝေးလံဒေသများမှ တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး၊ အတန်းပညာပြီးမြောက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်း အမြစ်ကောင်းများ မဖြစ်မနေလိုအပ်နေသည့်အတွက် နိုင်ငံသားတိုင်း ပညာရည်မြင့်မားရေးကို နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် နည်းစနစ်ကျသော စိုက်ပျိုးရေး၊ မွေးမြူ ရေးလုပ်ငန်းများကို လုပ်ကိုင်ရန်လိုအပ်မည်ဖြစ်ပြီး စိုက်မြေအားလုံးကိုလည်း အပြည့်အဝအသုံးချရန် လိုအပ်မည်ဖြစ်ကြောင်း၊ တစ်သီးစားစိုက်ပျိုးရုံမကဘဲ သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင်တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် သွင်းအားစုများ ပံ့ပိုးပေးနိုင်ရေး၊ ဈေးကွက်ဖော်ဆောင်ရေးတို့ကိုလည်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် MSME စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ပေးရမည်ဖြစ်ပြီး ဒေသထွက်ကုန်ကြမ်းများကို အခြေခံကာ ပြည်တွင်းလိုအပ်သည့် အခြေခံစားကုန်၊ သောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို အလုံအလောက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် လုပ်ကိုင်လျက်ရှိသော ဓနိဖူးများကို လူသုံးကုန်အဆင့်မှ ဆေးဝါးအဆင့်ထိ စမ်းသပ်ထုတ်လုပ်နိုင်အောင် စွန့်ဦးတီထွင်မှုများကို အားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးကို မြှင့်တင်ဆောင်ရွက်ရာတွင် လူသားအရင်းအမြစ်ကောင်းများများစွာ မွေးထုတ်ပေးနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အနာဂတ်နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ မွေးထုတ်နိုင်ရေး၊ အကျင့်စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများ တိုးတက်လာစေရေး အလေးထားဆောင်ရွက် လျက်ရှိကြောင်းနှင့် ရခိုင်ပြည်နယ် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသော ဒေသခံပြည်သူများက မောင်တောမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်းရေးတို့အတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင် ရွက်နိုင်ရေး၊ ပို့ကုန်များတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ နည်းစနစ်မှန်စွာဖြင့် နိုင်ငံတကာအဆင့်မီထုတ်လုပ်တင်ပို့ ရောင်းချနိုင်ရေးတို့အတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေနှင့်အဖွဲ့သည် မောင်တောခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော မြို့သူကြီးတပိုင်တနိုင် ရေချိုငါးသား ဖောက်စခန်းသို့ သွားရောက်၍ ရေချိုငါးများ သားဖောက်ဆောင်ရွက်နေမှု၊ ကျေးလက်တပိုင်တနိုင် သရုပ်ပြကန်များ ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ ခရိုင်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းပြသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် မောင်တောမြို့ ဇူလကျေးရွာ၌ ပေါင်းရှင်းတမန်းနှိုးခြင်း၊ ယူးရီးယား ဓာတ်မြေဩဇာနှင့် စူပါဘိုကာရှီသဘာဝမြေဩဇာရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲသို့ သွားရောက် ကြည့်ရှုအားပေးကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက မြို့နယ်အတွင်း မိုးစပါးနှင့် မိုးသီးနှံစိုက်ပျိုးပြီးစီးမှု၊ ဆင်းသွယ်လတ်မျိုးစပါး၊ မျိုးစေ့ထုတ်စိုက်ခင်း ဧက(၂၀) စိုက်ပျိုးထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်နယ်ဦးစီးမှူး ဦးထွန်းမြင့်က စူပါဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်ထားမှုကို ရှင်းလင်းပြသပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ဓာတ်မြေဩဇာနှင့် စူပါဘိုကာရှီသဘာဝမြေဩဇာရောစပ်ကြဲပက်နေမှုကို ကြည့်ရှုအားပေးကြကာ တောင်သူများနှင့်တွေ့ဆုံပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးဆွေးနွေးပြောကြားကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေနှင့်အဖွဲ့သည် မောင်တောမြို့နယ်၊ ခရေမြိုင်ကျေးရွာအနီး၌ မွေးမြူရေးလုပ်ငန်းရှင် ဦးမောင်သိန်းကျော်နှင့် မွေးမြူရေးလုပ်ငန်းရှင်များ၏ ရေချိုငါးမွေးမြူရေးကန်များသို့ သွားရောက်ကြည့်ရှုအားပေးကြရာ ခရိုင်ငါးလုပ်ငန်းဦးစီးမှူးက မောင်တောခရိုင်အတွင်း ရေငန်ပုစွန်မွေးမြူရေးကန်များ ဆောင်ရွက်ထားရှိမှု၊ ရေချိုငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပုစွန်သားဖောက်စခန်းတစ်ခု ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး တို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မောင်တောခရိုင်၏ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ တို့ချဲ့ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ ဖြည့်ဆည်းပေးနိုင်မည့်အခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေနှင့်အဖွဲ့သည် ငါးမွေးမြူရေးကန်အတွင်း ငါးမြစ်ချင်း၊ ငါးသိုင်းခေါင်းပွ၊ ရွှေဝါငါးကြင်းနှင့် ထိုင်းငါးခုံးမကြီးများ မွေးမြူဖြစ်ထွန်းအောင်မြင်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
နေ့လယ်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေနှင့်အဖွဲ့သည် ဘူးသီးတောင်မြို့၊ ဦးဥတ္တမခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။
တွေဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေက နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉) ရပ်ချမှတ်ကာ တည်ငြိမ်အေး ချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသထွက်ကုန်များ တိုးမြှင့်ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်နေမှု၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်နိုင်ရန် ဆောင်ရွက်နေမှု၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေးအတွက် ဆောင်ရွက်နေမှု၊ လာမည့်ရွေးကောက်ပွဲ တွင် မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် အလေးထားဆောင်ရွက်နေမှုနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေရေးတို့ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့မိ၊ မြို့ဖများနှင့် ဒေသခံပြည်သူများက ဘူးသီးတောင်မြို့နယ် ဖွံ့ဖြိုးတိုး တက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များ အပေါ်ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ် ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေနှင့်အဖွဲ့သည် နန်းရာကုန်းကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးမာဘူရော်မာန်၏ အသားတိုးကြက်မွေးမြူရေးခြံသို့ သွား ရောက်ကြည့်ရှုအားပေးကြပြီး မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့မွေးမြူထုတ်လုပ်နိုင်ရေးဆွေးနွေးပြောကြားကြသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေနှင့်အဖွဲ့သည် လက်ဝဲဒက်ပြင်ရှည်ကျေးရွာသို့သွားရောက်ပြီး မိုးစပါး ပေါင်ပျိုးထောင်စိုက်စနစ် စံပြကွက် (၂၀)ဧကတွင် ပေါင်းရှင်းတမန်းနှိုးခြင်း၊ ယူးရီးယား ဓာတ်မြေဩဇာ နှင့် စူပါဘိုကာရှီသဘာဝမြေဩဇာရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှု အားပေးကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးထွန်းမြင့်က စူပါဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်ထားမှုများကို ရှင်းလင်းတင်ပြပြီး ဓာတ်မြေဩဇာနှင့် စူပါဘိုကာရှီသဘာဝမြေဩဇာရောစပ် ကြဲပက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေနှင့်အဖွဲ့သည် ရသေ့တောင်မြို့နယ်သို့ သွားရောက်ပြီး ခနောင်းကြီးကျေးရွာ၌ မိုခါမုန်တိုင်းသင့်တောင်သူများအား နိုင်ငံတော်မှ ထောက်ပံ့သော မျိုးစပါး GW-11 (၁၀)ဧက စိုက်ပျိုးအောင်မြင်နေမှုကို သွားရောက်ကြည့်ရှုအားပေးကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက မုန်တိုင်းသင့်တောင်သူများသို့ နိုင်ငံတော်မှ ထောက်ပံ့သည့် မျိုးစပါးများ ထောက်ပံ့ပေးထားမှု၊ စိုက်ပျိုးပြီးစီးနေမှုနှင့် မြို့နယ်အတွင်း မိုးစပါးနှင့် မိုးသီးနှံများ စိုက်ပျိုးထားမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေနှင့်အဖွဲ့သည် စိုက်ကွင်းအတွင်း ယူးရီးယားဓာတ်မြေဩဇာနှင့် စူပါဘိုကာရှီသဘာဝမြေဩဇာရောစပ်ကြဲပက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး တောင်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေနှင့်အဖွဲ့သည် ရသေ့တောင်မြို့၊ စေတီတောင်ဘုရားအား သွားရောက်ဖူးမြော်ကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေနှင့်အဖွဲ့သည် မိုခါမုန်တိုင်းတိုက်ခတ်မှုဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စေတီတောင်ဘုရား စောင်းတန်း၊ အမိုးအကာများပြန်လည်ပြုပြင်ပြီးစီးမှု၊ ပြုပြင်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေက လိုအပ်သည်များကို မှာကြား၍ ဘုရားဘက်စုံပြုပြင်နိုင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment