MNP ၊ စက်တင်ဘာ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီ၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်ရာတွင် ရင်းနှီးမြှုပ်နှံမှုသည် အရေးပါသည့်ကဏ္ဍမှ ပါဝင်နေပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးမူဝါဒများနှင့်ကိုက်ညီစေမည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုစီမံကိန်းကို ရေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေပြည်တော်ကောင်စီအနေဖြင့်လည်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းရေးဆွဲကာ ပြည်ထောင်စုအဆင့်ရေးဆွဲမည့် သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ နေပြည်တော်၏ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ရေးဆွဲရာတွင် လိုအပ်သည့်အချက်အလက်များ မှန်ကန်ပြည့်စုံစွာပြုစုပေးရန် လိုအပ်ပါကြောင်း၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်နေမှုအခြေအနေ၊ ဆက်လက်ဆောက်ရွက်ရန်လိုအပ်ချက်များ၊ အနာဂတ်တွင် ဆောင်ရွက်မည့်စီမံကိန်းများကို ကဏ္ဍအလိုက်၊ ဌာနအလိုက် သေချာသုံးသပ် ဖော်ထုတ်ပြုစုပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နွယ်က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုစီမံကိန်းနှင့် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းရေးဆွဲရေး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေ၊ စီမံကိန်းစာတမ်းအတွက် လိုအပ်မည့်အချက်အလက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ဌာနဆိုင်ရာများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများမှ မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ
https://t.me/MyanmarNationalPost
No comments:
Post a Comment