တိုင်းဒေသကြီးဝန်ကြီးချုပ် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကုန်ဈေးနှုန်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကုန်ဈေးနှုန်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်



MNP ၊  စက်တင်ဘာ  ၁၂

စိုက်ပျိုးမွေးမြူ ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကုန်ဈေးနှုန်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “တိုင်းဒေသကြီးသည် ပညာရေးတွင် တိုးတက်မြင့်မားသည့် တိုင်းဒေသကြီး ဖြစ်သည်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူမှုအခွင့်အရေးများ မဆုံးရှုံးစေရန်အတွက် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတက်ရောက်စေရေးနှင့် အတန်းစဉ်ကူးပြောင်းနိုင် ရေးဆောင်ရွက် လျက်ရှိပါကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အတွက်လည်း ဆရာ၊ ဆရာမများ၊ မိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အခြေခံစားသောက်ကုန် များနှင့် ပတ်သက်၍ ဆန်ဈေးနှုန်းများ ကြီးမြင့်မှုမရှိစေရေး အတွက်လည်း တာဝန်ရှိသူများက ထိန်းကျောင်း ကြပ်မတ်ရန်နှင့် ဈေးနှုန်း သက်သာစွာ ရောင်းချပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ သီးနှံများ ပန်းတိုင်အထွက်နှုန်း တိုးတက် ထွက်ရှိစေရေးအတွက်  မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်း(၄)သွယ်ဖြင့် စိုက်ပျိုးရေး လုပ်ငန်းများအား စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သီးထပ် စွမ်းအားမြှင့်တင်နိုင်ရေး၊ ၂၀၂၄ မိုးစပါး ရေတော်မိုးတော်စိုက်ဧကအားလုံး ပိုက်ဆံလျှော် ထည့်သွင်းစိုက်ပျိုးနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် ထည့်သွင်းစိုက်ပျိုးဆောင်ရွက်ကြရမှာဖြစ်ပါ ကြောင်း၊ စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးရန်နှင့် အောင်မြင် အောင် ဆောင်ရွက်ရန်လိုပါကြောင်း၊ စားသုံးဆီများဖြန့်ဝေပေးရာတွင် ကော်မတီများအနေဖြင့် စာရင်းဇယားများ တိကျမှန်ကန်စေရေး၊ ဖြန့်ဖြူးမှုများ စနစ်တကျရှိစေရေး ဆောင်ရွက်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ် မပြည့် သေးသော မိန်းကလေးငယ် များကို သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးအား ကျောင်းအခြေပြု နှင့် ရပ်ရွာအခြေပြုထိုးနှံပေးမည်ဖြစ်ရာ ဆေးထိုးအင်အား စာရင်းများ မှန်ကန်စေရေး၊ ကာကွယ်ဆေးများကို အလေအလွင့်မရှိစေရေး၊ လမ်းညွှန်ချက်များနှင့်အညီ အသုံးပြုဆောင်ရွက်ကြဖို့လည်း အုပ်ချုပ်ရေးအဖွဲ့များက ကူညီဆောင်ရွက်ပေးကြရန်နှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကုန်ဈေးနှုန်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ အောင်မြင်အောင် ဆောင်ရွက်နိုင်စေရေး တက်ရောက်လာကြသူများက အကြံပြုဆွေးနွေး ပေးရန်” အမှာစကားများပြောကြားသည်။


ဆက်လက်၍ အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူ ခြင်းဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးမှ လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်း ဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure SOP) ရေးဆွဲရေး ဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက တိုင်းဒေသကြီးအတွင်းရှိ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မပြည့်သေးသော မိန်းကလေးငယ် များကို သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံပေးမည့် အစီအစဉ်များအား လည်းကောင်း၊ တိုင်းဒေသကြီး ပညာရေးမှူးမှ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက် ရောက်စေရေး၊ အတန်းစဉ်ကူးပြောင်းမှု ရာနှုန်းပြည့်ဖြစ်စေရေးနှင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်မည့် အခြေအနေများ အားလည်းကောင်း၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှူးမှ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားသုံးဆီ ဖြန့်ဖြူးပေးနိုင်မည့် အခြေအနေများ အားလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ သက်ဆိုင်ရာခရိုင်အလိုက် ဆွေးနွေးတင်ပြချက် များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ညနေပိုင်းတွင် ဧရာရွှေဝါခန်းမ၌ ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆီကုန်သည်များနှင့် တွေ့ဆုံပွဲ အခမ်းအနားတက်ရောက်၍ မိမိတို့တိုင်းဒေသကြီးသည် နိုင်ငံ၏ စပါးကျီဖြစ်ပြီး ပိုလျှံသည့်ဆန်များကို ပြည်တွင်း၊ ပြည်ပသို့ တင်ပို့လျက်ရှိပါကြောင်း၊ ဆန်စက်ပေါင်း ၂၅၀၀ ကျော်ရှိ၍ စပါးခွံလောင်စာအသုံးပြု Gasifier စနစ်ဖြင့် လည်ပတ်ကြိတ်ခွဲသည့် ဆန်စက်များ အနက် ၄၅၂ လုံး လည်ပတ်လျက်ရှိပါကြောင်း၊  ထို့အပြင် စပါးခွံမှ လျှပ်စစ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသဖြင့် စပါးခွံလုံလောက်စွာရှိရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးမှ ထွက်ရှိသည့်စပါးများအား ဆန်စက်များမှ ကြိတ်ခွဲနိုင်ပါက အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ကာ စပါးခွံဖြင့် Gasifier အသုံးပြုလျှပ်စစ်ထုတ်ခြင်း၊ ဆန်ကွဲ၊ ဖွဲနုစသည် တို့မှလည်း တိရစ္ဆာန်အစာထုတ်လုပ်နိုင်မည်ဖြစ်၍ တိရစ္ဆာန်အစာဈေးကြီးမြင့်မှုကိုလည်း သက်သာစေမှာဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် သွင်းအားစုများထောက်ပံ့ပေးလျက်ရှိရာ ဆန်စက်လုပ်ငန်းရှင်များ၊ ကုန်သည်များ အနေဖြင့် Contract Farming စနစ်ဖြင့် အကျိုးပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဆန်ဈေးကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးနိုင်ရေးဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီး စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ သည်။ ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဝယ်ယူကြိတ်ခွဲသူအစုအဖွဲ့များ၊ သွင်းအားစု တင်သွင်းသူအစုအဖွဲ့များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများအားလည်းကောင်း၊ စီးပွားရေးရာ ဝန်ကြီးမှ ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost




No comments:

Post a Comment