MNP ၊ စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသ၌ အာလူးစိုက်ပျိုးသည့် တောင်သူများ မျိုးကောင်းမျိုးသန့် အာလူးမျိုး လိုအပ်ချက် မြင့်မားသည့်အတွက် နိုင်ငံခြားမှ တင်သွင်းနေရကြောင်း အာလူးစိုက်တောင်သူ တစ်ဦးထံမှ သိရသည်။
နောင်တရားဒေသတွင် အာလူးကို နွေ၊ မိုး၊ ဆောင်း ရာသီသုံးပါး စိုက်ပျိုးလျက်ရှိပြီး အာလူးစိုက်တောင်သူများ စိုက်ပျိုးနေသည့် မျိုးများမှာ အထွက်နှုန်းလျော့နည်းလာခြင်းကြောင့် မျိုးကောင်း၊ မျိုးသန့် အာလူးလိုအပ်ချက် များပြားလျက်ရှိသည်။ “ကျွန်တော်တို့ စိုက်နေတဲ့ အာလူးမျိုးက စိုက်ပျိုးသည့် အကြိမ်အရေတွက် များပြားလာလို့ အထွက်နှုန်းလျော့နည်းလာပါပြီ အာလူးစိုက်ပျိုးရေးစရိတ်မြင့်မားလာတဲ့အတွက် အာလူးမျိုးကောင်းမျိုးသန့် ရရှိဖို့ အင်မတန် အရေးကြီးပါတယ် ကျွန်တော်တို့ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နယ်သာလန် စတဲ့ နိုင်ငံကနေ နည်းမျိုးစုံနဲ့ ဝယ်ယူစိုက်ပျိုးနေပါတယ်။ အာလူးစိုက်ကြည့်တဲ့နေရာမှ နောင်တရားဒေသနဲ့ ကိုက်ညီတဲ့ မျိုးတွေကတော့ တရုတ်အာလူးမျိုးနဲ့ နယ်သာလန်အာလူးမျိုးကတော့ အကိုက်ညီ ဆုံးလို့ ပြောလို့ရပါတယ် နယ်သာလန်အာလူးမျိုးက မျိုးစရိတ်ကြီးမားလို့ တရုတ်အာလူးမျိုး ဘက်လည့်ပြီး ဝယ်ယူစိုက်ပျိုးဖြစ်ပါတယ်” ဟု ကန်တန်ကျေးရွာမှ အာလူးစိုက်တောင်သူတစ်ဦးကပြောသည်။
တရုတ်အာလူးမျိုးများကို တရုတ်နိုင်ငံအတွင်းရှိ အအေးခန်းများမှ အာလူးစိုက်တောင်သူများ တောင်းဆိုသည့် နောင်တရားဒေသနှင့် ကိုက်ညီသော အာလူးမျိုးများကို ဝယ်ယူတင်သွင်းပြီး အာလူးစိုက်တော်သူများသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချပေးခြင်းဖြစ်ကြောင်း အာလူးတင်သွင်းဖြန့်ဖြူးသည့် ကုန်သည်တစ်ဦးက ပြောသည်။ နောင်တရားမြို့တွင် မျိုးအာလူးများထုတ်လုပ်နိုင်ရန် နောင်တရားအာလူးစိုက်၊ ထွေသာမဝါယမအသင်းမှ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
ခွန်အောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment