ပေကျင်း၊ စက်တင်ဘာ ၆
တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနတို့၏ စီမံမှုအောက်တွင် ရှစ်ဆောင်ပဏ္ဏားပြည်သူ့လုံခြုံရေးဌာနက နယ်ခြားစောင့်ရဲတပ်ဖွဲ့ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု ယန္တရားမှတစ်ဆင့် မြန်မာနိုင်ငံ သက်ဆိုင်ရာဒေသ တရားဥပဒေစိုးမိုးရေး ဌာနများနှင့်အတူ စက်တင်ဘာ၃ ရက်က ပူးတွဲလှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာတွင် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသရှိ ဆက်သွယ်ရေး အွန်လိုင်း လိမ်ညာမှု အခြေစိုက်နေရာ ၁၁ ခု ကို တိုက်ဖျက်နိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူ ၂၆၉ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနမှတစ်ဆင့် သိရသည်။
ယခုအကြိမ် ဖမ်းဆီးရမိသည့် ဆက်သွယ်ရေး အွန်လိုင်း လိမ်ညာမှု ကျူးလွန်သည့် သံသယ တရားခံများမှာ တရုတ်နိုင်ငံသား ၁၈၆ ဦး၊ မြန်မာနိုင်ငံသား ၆၆ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၅ ဦး၊ မလေးရှားနိုင်ငံသား ၂ ဦး ၊ နောက်ကွယ်မှ “ထောက်ပံ့သူ”၊ အဖွဲ့ခေါင်းဆောင်နှင့် အမာခံအဖွဲ့သား ၂၁ ဦး ၊ ၁၉ နှစ်ကြာ ထွက်ပြေး တိမ်းရှောင်နေသည့် လူသတ်တရားခံ ၁ ဦး အပါအဝင် တရားခံပြေး ၁၃ ဦး ပါဝင်ကြောင်း သိရသည်။
အချင်းဖြစ်နေရာ၌ ကွန်ပြူတာ၊ လက်ကိုင်ဖုန်း၊ ဖုန်းကတ်၊ ဘဏ်ကတ်နှင့် လိမ်ညာမှု ဇာတ်ညွှန်းစာအုပ် စသည့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့်ပစ္စည်း အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ပြစ်မှုကျူးလွန်သည့် သံသယတရားခံ တရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးပြီးဖြစ်ရာ ပြည်သူ့လုံခြုံရေးဌာနက ပြစ်မှုကျူးလွန်သည့်ဖြစ်ရပ်မှန်ကို စစ်ဆေးဖော်ထုတ်၍ တရားဥပဒေနှင့်အညီ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
Ref - (Xinhua)
#MyanmarNationalPost
No comments:
Post a Comment