MNP ၊ စက်တင်ဘာ ၁၅
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် ကောင်စီအတွင်းရေးမှူး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် ပုဏ္ဏမာကျေးရွာ တောင်သူ ဦးကျော်မြင့်၏ လယ်တွင် ဆောင်ရွက်လျက်ရှိသည့် Solar မြေအောက်ရေတင်ပြီး စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ညွန့်က Solar မြေအောက်ရေတင်လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် အဆိုပါကျေးရွာတွင် ရေအသုံးချသူတောင်သူများနှင့် တွေ့ဆုံရာတွင် နေပြည်တော် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော်က စိုက်ပျိုးရေပေးဝေနေမှုနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် အချက်များနှင့်အညီ သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရန်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်ကုန်းမြို့၊ အနော်ရထာရပ်ကွက် အတွင်းရှိ မြို့ရှေ့စန္ဒာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တစန္ဒသိရီ မဟာထေရ်မြတ်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်ကုန်းမြို့ စိုက်ပျိုးရေး သုတေသနခြံ သို့ရောက်ရှိရာ သုတေသနမှူး ဦးသာထွန်းက ၂၀၂၃-၂၀၂၄ ခုနှစ် တပ်ကုန်းမြို့ စိုက်ပျိုးရေး သုတေသနခြံ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်လင်းတင်ပြပြီး သူတေသနအရာရှိ ဒေါက်တာသီတာဦးက ဥဘက်ကစ္စတန် မိုးနှောင်းချဉ်မျှင်ဝါမျိုး စိုက်ပျိုးထားရှိမှုအခြေအနေ၊ ဝါကောက်သိမ်းမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားကာ ခင်ကျင်းပြသထားသည့် ဥဘက်ကစ္စတန် မိုးနှောင်းချည်မျှင်ဝါမျိုး၊ နေကြာမျိုး၊ ပြောင်းဖူးမျိုးစေ့ထုတ်လုပ်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် စိုက်ပျိုးရေး သုတေသနခြံအတွင်း စိုက်ပျိုးထားသည့် ရေဆင်းစပ်မျိုးနေကြာ-၁ စိုက်ခင်းအား ကြည့်ရှုခဲ့ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဝါနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသည့် မျိုးများကို အသုံးပြုနိုင်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အားနည်းချက် အားသာချက်များကို လေ့လာပြီး ဒေသအတွင်း ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းတိုးရေး၊ မျိုးကောင်းမျိုးသန့်များ အသုံးပြုနိုင်ရေးနှင့် နည်းပညာများ မျှဝေပေးနိုင်ရေးနှင့် မိမိတို့ဌာန၏ လုပ်ဆောင်ရမည့် လုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်သွားစေ လိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသည့် ကျော်ပြည့်စုံဆီစက်နှင့် စိန်စီဆီစက်များကို သွားရောက်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဆီအထွက်နှုန်းကောင်းမွန်ပြီး ကျန်းမာရေးနှင့်ကိုက်ညီမှုရှိသည့် ဆီများရောင်းချနိုင်ရေး မှာကြားသည်။
ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် နိုင်ငံတော်သြဝါဒါစရိယ၊ တပ်ကုန်းမြို့၊ မဟာသီဟနာဒကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏ မဟာထေရ်မြတ်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတော်အကြီးအကဲ၏ ဦးဆောင်မှုဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ စာရေရိက္ခာဖူလုံရေး၊ ကုန်ထုတ်လုပ်ငန်းတိုးမြှင့်ရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးတွင် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကို စံပြဖြစ်စေရေးနှင့် ကဏ္ဍပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲ တာဝန်ရှိသူများအနေဖြင့် မိမိတို့ ဌာနများအလိုက် လုပ်ထုံးထုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းအဆင့်ဆင့်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ခိုင်မာသော ယုံကြည်ချက်ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက ဒေသဖွံ့ဖြိုးရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ရေအေးကျေးရွာ စိုက်ပျိုး ရေးစင်တာတွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းညွန့်က ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးမှုအခြေအနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါး စီမံကိန်းစီမံ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ သီနှံမျိုးစေ့ထုတ်ကုမ္ပဏီများမှ မျိုးစေ့ထုတ်လုပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တောင်သူများနှင့်အတူ မြို့နယ်စိုက်ပျိုးရေး ဌာနနှင့် သီနှံမျိုးစေ့ထုတ်ကုမ္ပဏီများမှ ခင်ကျင်းပြသထားသည့် မျိုးစေ့များ၊ သဘာဝမြေဩဇာများနှင့် စိုက်ပျိုးရေးသုံးဆက်စပ်ပစ္စည်းများ ကြည့်ရှုအားပေးပြီး စပါးသာတက်ဆင့်ပွားစိုင်ပျိုးနည်းပညာနှင့် စိုတစ်လှည့် ခြောက်တစ်ခါ ရေထိန်းသိမ်းနည်းပညာပေးစိုက်ခင်း၊ မြေဩဇာနှင့် သဘာဝမြေဩဇာများ အချိုးကျပေါင်းစပ်နေမှုများကို သရုပ်ပြသခြင်းကို ကြည့်ရှုအားပေး၍ တောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း
#MyanmarNationalPost
No comments:
Post a Comment