MNP ၊ စက်တင်ဘာ ၂၁
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအတွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ ရွှေမိုးတောင်ပေါ်တွင် တည်ထားကိုးကွယ်ခဲ့သည့် ရဟန္တာ တစ်ထောင်ရှင်ပင်မြတ်စွာ ရွှေမိုးတောင် စေတီတော်မြတ်ကြီး ရွှေသားရွှေစင်၊ ရွှေသင်္ကန်းပြန်လည်ကပ်လှူနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ ညနေ ၃ နာရီက တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများမှ ငွေကျပ်သိန်း ၃၀၀ လှူဒါန်းပွဲကို ရွှေမိုးတောင်စေတီတော်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ထိုသို့ ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ရွှေမိုးတောင်စေတီတော်မြတ်ကြီးအား ရွှေသားရွှေစင်၊ ရွှေသင်္ကန်း ပြန်လည်ကပ်လှူနိုင်ရေးအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက စုပေါင်း လှူဒါန်းသည့် ငွေကျပ်သိန်း ၃၀၀ ကို အလှူရှင်များကိုယ်စား မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီးမောင်မောင်မြင့်က လှူဒါန်းရာ ဘဏ္ဍာငွေရှာဖွေရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွား ရေးရာဝန်ကြီး ဦးမျိုးဆွေက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြသည်။
အဆိုပါ ရွှေမိုးတောင်စေတီတော်ကြီးကို မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ယခင် ဆရာတော်ကြီး၏ သြဝါဒပြုမှု၊ လမ်းညွှန်မှုနှင့် နိုင်ငံတော်အကြီးအကဲအမှူးပြုသော စစ်ဘက်၊ နယ်ဘက်အဖွဲ့အစည်းအသီးသီး၊ စေတနာအလှူရှင်များ၏ စုပေါင်းပါဝင်ကုသိုလ်ဖြင့် ၂၀၁၈ ခုနှစ် တွင် ရွှေထီးတော်နှင့် ရွှေသားရွှေစင်တစ်ပိဿာကျော်ဖြင့် အများကြည်ညိုသပ္ပါယ်ဖွယ်ဖူးမြော်နိုင်ရေး ကပ်လှူပူဇော်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၅ နှစ်ကျော်ကာလကြာမြင့်ခဲ့ပြီ ဖြစ်သဖြင့် ရာသီဥတုဒဏ်၊ လေမိုးဒဏ်တို့ကြောင့် ရွှေသင်္ကန်းရင်များ မှေးမှန်လျက်ရှိသဖြင့် ကချင်ပြည်နယ်အစိုးရ အဖွဲ့က ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် စေတီတော်ကြီးအား ရွှေသင်္ကန်းပြန်လည်ကပ်လှူပါက ရွှေဆိုင်းပညာရှင်များ၏ တွက်ချက်မှုအရ (၂×၂) လက်မပတ်လည် ရွှေဆိုင်းပေါင်း (၂၈၁၉) ကပ်လှူပူဇော်ရမည်ဖြစ်သဖြင့် ကာလတန်ဖိုးငွေကျပ်သိန်း ငါးထောင်ခန့် ကုန်ကျနိုင်မည်ဖြစ်သော်လည်း စေတီတော်ကြီး ၏ လက်ရှိရွှေသင်္ကန်းများကို ရွှေမိုက်ချရာမှ ပြန်လည်ရရှိသည့်ငွေကြေးနှင့် လက်ရှိဘဏ္ဍာတော် အလှူငွေရရှိမှု ဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၂၅၀၀ ခန့်ရှိပြီးဖြစ်သည့်အတွက် ကျန်ငွေများကို အများပြည်သူအားလုံး ပူးပေါင်းပါဝင် ကုသိုလ်ယူဆောင်ရွက်နိုင်ရေး နှိုးဆော်ထားရှိခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment