MNP ၊ စက်တင်ဘာ ၁၁
ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ဟုန်စံစီဘုံကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မွန်ပြည်နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း နာယက၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဘီးလင်းမြို့နယ် ကြမ်ဖန်ကျောင်းတိုက်တော်ကြီး၏ ဦးစီးပဓါနနာယက ဆရာတော်ဘန္ဒန္တ မဟိဿရမှ ဩဝါဒဂါထာ မြွက်ကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်သည် ကရင်လူမျိုးများ၏ မွန်မြတ်၍ တန်ဖိုးရှိသော ရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်ပြီး ကရင်လူမျိုးတို့နှင့်အတူ ဘိုးစဉ်ဘောင်ဆက်ပါရှိလာသည့် ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းတစ်ခုလည်းဖြစ်ပါကြောင်း၊ ကရင်လူမျိုးတို့ရဲ့ ဘဝဓလေ့နှင့် ကိုက်ညီစစ်မှန်သည့် ကရင်ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရန်၊ ကရင်အမျိုးသားတို့၏ ယဉ်ကျေးမှုကို မြတ်နိုးပြီး ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်လိုသော အသိစိတ်ဓါတ်များ ကိန်းအောင်းရှင်သန်စေရန်နှင့် ကရင်လူမျိုးအချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည့်အတွက် အင်မတန်မှမွန်မြတ်လှသလို ဝါခေါင်လ ချည်ဖြူဖွဲ့ခြင်း၌ ချည်ဖြူဖွဲ့ရာတွင် ဆန်ကော၊ ယောက်မ၊ ထမင်းဆုပ်၊ ကောက်ညှင်းဖင်ချွန်၊ ငှက်ပျောသီး၊ နတ်ပန်းညို၊ ကြံပိုင်း၊ ရေနှင့်ချည်ဖြူစသည့် အဓိကပစ္စည်း (၉) မျိုး ပါဝင်တာကို သိရှိရပါကြောင်း၊ ကရင်အမျိုးသားအချင်းချင်း ချစ်ကြည်သွေးစည်းမှုခိုင်မြဲစေပြီး မျိုးဆက်သစ်လူငယ်များမှ မိမိတို့၏ မိဘဆွေမျိုးများ၏ သွန်သင်ဆုံးမစကားများကို နာခံနိုင်ရေးနှင့် အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရေး လုပ်ဆောင်ပေးကြရန်နှင့် ကရင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဖြစ်သော ချည်ဖြူဖွဲ့၍ ကရင်ရိုးရာဓလေ့ကို အစဉ်အလာမပျက် ဆက်လက်ထိန်းသိမ်းကြပါလို့ တိုက်တွန်းလိုကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းအတွက် အလှူငွေကျပ် သိန်း (၂၀၀) အား ပေးအပ်လှူဒါန်းခဲ့ပြီး တာဝန်ရှိသူတစ်ဦးမှ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကာ အခမ်းအနားကျင်းပရေးကော်မတီဥက္ကဋ္ဌ စောအောင်ကျော်သိန်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကရင်တိုင်းသား ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြမှု ကြည့်ရှုအားပေးကာ ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အကအဖွဲ့များအား ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။
#MyanmarNationalPost
No comments:
Post a Comment