MNP ၊ စက်တင်ဘာ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းသည် ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ တာဝန်ရှိသူများနှင့်အတူ ကယားပြည်နယ်အတွင်းရှိ ယာယီနေရပ် စွန့်ခွာပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ ကျင်းပသည့် ကယားပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်၊ ဆီ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဒေသကွပ်ကဲရေးမှူးတို့သည် ကယားပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်ပြီး ယာယီနေရပ်စွန့်ခွာ ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး၌ တာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများအား သွားရောက်တွေ့ဆုံပြီး ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးမှာကြားသည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ပြည်နယ်ပြည်သူ့ဆေးရုံအုပ်ကြီးတို့က ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ဆေးရုံလုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပြည်သူ့ဆေးရုံကြီးအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်းနှင့် ပြည်နယ်ဝန်ကြီးချုပ်က အစာအိမ်နှင့် အူလမ်းကြောင်းကြည့်မှန်ပြောင်း မော်နီတာ Medical Grade SONY (LMD-2435MD)စက်ပစ္စည်းတို့ကို ထောက်ပံ့ပေးအပ်လှူဒါန်းကြပြီး ပြည်နယ်ပြည်သူ့ဆေးရုံကြီးရှိ လူနာဆောင်များအား လှည့်လည်ကြည့်ရှုကာ လူနာများကို အားပေးစကားပြောကြား၍ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ယာယီနေရပ်စွန့်ခွာ မီးဖွားလူနာအား ထောက်ပံ့ငွေများ ပေးအပ်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပြည်နယ်ပညာရေးမှူးရုံး ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ပညာရေးမှူးက ပြည်နယ်အတွင်း ပညာရေးဆိုင်ရာဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပြည်နယ်အတွင်း ပညာရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်းပေးအပ်ပြီး ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ပညာရေးဆိုင်ရာကိစ္စရပ်များနှင့် ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား၊ ကျောင်းသူများ လူငယ်များဖြစ်စေရေးအတွက် သင်ကြားပေးကြရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားကာ လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ကျောင်းဝင်းအတွင်း နှစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
#MyanmarNationalPost
No comments:
Post a Comment