MNP ၊ စက်တင်ဘာ ၂၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ၌ စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၂ နာရီခွဲ အချိန်ခန့်တွင် ပလွေးချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကာ လူနေအိမ်လေးလုံး ရွှေ့ပြောင်းခဲ့ရမှု အခြေအနေများကို သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးရာတွင် လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် နေပြည်တော်ရေအရင်းမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့က ပလွေးချောင်းရေတိုက်စားမှုနှင့်ပတ်သက်၍ လက်ရှိ ဆောင်ရွက်နေသည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပလွေးချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကာ လူနေအိမ်လေးလုံး ရွှေ့ပြောင်းခဲ့ရမှုအခြေအနေကို လာရောက်ကြည့်ရှုပြီးရွှေ့ပြောင်းခဲ့ရသည့် အိမ်ထောင်စုများကို အားပေးစကားပြောကြားခြင်းဖြစ်ကြောင်း၊ မိမိဒေသဖွံဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးဒေသထွက်ထုတ်ကုန်များကို အဆင့်မြှင့်ထုတ်ကုန်များဖြစ်အောင် ခေတ်မီနည်းစနစ်များကို လေ့လာပြီးဆောင်ရွက်စေလိုကြောင်း၊ နေပြည်တော်တွင် စက်ရုံအလုပ်ရုံများရှိသဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနေခြင်းဖြစ်ကြောင်း၊ မိမိဒေသဖွံဖြိုးတိုးတက်အောင်ဆောင်ရွက်ရာမှာ စပါးနှင့် ဆီထွက်သီးနှံများကို ပန်းတိုင်အထွက်နှုန်းတိုးတက်ရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးရေး၊ မွေးမြူရေးကို ခေတ်မီနည်းပညာများဖြင့် မွေးမြူခြင်းများကို ဆောင်ရွက်စေလိုကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအနေဖြင့် မိမိဒေသပတ်ဝန်းကျင်တွင် အမြဲစိမ်းသစ်တောများဖြစ်အောင် ကြီးမြန်သစ်ပင်များကို စိုက်ပျိုးရမှာဖြစ်ကြောင်း၊ သစ်ပင်သစ်တောများကြောင့် သဘာဝဘေးန္တရာယ်ကျရောက်မှု နည်းပါးမှာဖြစ်ကြောင်း၊ လက်ရှိရေတိုက်စားမှုအတွက် သက်ဆိုင်ရာဌာနများက ကဏ္ဍအလိုက်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပလွေးချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုမှုဖြစ်ပွားရာ ယာယီမြေထိန်းနံရံ ဆောင်ရွက်ရန်အတွက် နေပြည်တော်ကောင်စီမှ ထောက်ပံ့ ငွေကျပ် ၁၀ သိန်းနှင့် ရွှေ့ပြောင်းခဲ့ရသည့် လူနေအိမ်လေးလုံးအတွက် တစ်အိမ်လျှင် ဆန် ၂၄ ပြည်အိတ် တစ်အိတ်၊ ဆီ ငါးပိဿာတစ်ပုံးနှင့် ခေါက်ဆွဲခြောက်ထုပ်တစ်ဖာနှုန်း ထောက်ပံ့ပေးအပ်သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးအားပေးစကားပြောကြားပြီး ယာယီမြေထိန်းနံရံဆောင်ရွက်မည့် လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
အဆိုပါကျေးရွာ ပလွေးချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကာ ရွှေ့ပြောင်းခဲ့ရသည့် လူနေအိမ်လေးလုံးအား စက်တင်ဘာ ၂၂ ရက်နေ့က နေပြည်တော်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဦးစီး ဌာနမှ ထောက်ပံ့သည့် တစ်အိမ်လျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ငွေကျပ်လေးသိန်း၊ လူ၁၉ ဦးအတွက် တစ်ဦးလျှင် ဆန်ရိက္ခာဖိုး ၂၁၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ၃၉၉၀၀ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်းပုံး တစ်အိမ်လျှင် တစ်ပုံးနှုန်းဖြင့် ကယ်ဆယ်ရေးပစ္စည်းလေးပုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment