နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်


MNP ၊  စက်တင်ဘာ  ၂၆

နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။


ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံပြီး MSME စီးပွားရေးလုပ်ငန်းများကို တိုးတက်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှ တန်ဖိုးမြှင့် ထုတ်လုပ်ရေးနည်းပညာများဖြင့် ထုတ်လုပ်ပြီး ဝင်ငွေတိုးတက်ရေးများကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဝင်ငွေများရရှိပြီး လူမှုစီးပွားဘဝ မြင့်မားလာမှာဖြစ်ကြောင်း၊ ထုတ်ကုန်လုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် ဝန်ဆောင်မှုလုပ်ငန်းများအားလုံး  ရည်မှန်းချက် ထုတ်လုပ်မှုစွမ်းအား ပြည့်မီအောင်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ပန်းတိုင်ရည်မှန်းချက်ပြည့်မီပြီး သီးထပ်စွမ်းအားများ တိုးတက်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း ထုတ်ကုန်၊ ထွက်ကုန်များကို Export Quality ပြည့်မီအောင် ထုတ်လုပ်ပြီး ဝင်ငွေတိုးတက်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စာရင်းဇယာများ မှန်ကန်မှုရှိစေရေး အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဆီထွက်သီးနှံများကို ဒေသတွင်းဖူလုံမှုရရှိ စေရေးအတွက် တိုးချဲ့စိုက်ပျိုးစေလိုကြောင်း၊ ပွင့်လင်းရာသီတွင် လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်အောင် ပြုပြင်ဆောင်ရွက်စေလိုကြောင်း၊  အလားတူ ပွင့်လင်းရာသီတွင် ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး ခရီးသွားနှင့်ဆက်စပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန်ကြမ်း/ကုန်ချောများ ထုတ်လုပ်ရောင်းချနိုင်ရေးကို ဆောင်ရွက်စေလိုကြောင်း၊ ပြည်သူများ၏ စားဝတ်နေရေး ပြေလည်စေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ ပြည်သူများအား စားသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးကို အားလုံးက ပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသော နှုန်းထားများဖြင့် စနစ်တကျရောင်းချပေးနိုင်ရေးနှင့် စားသောက်ကုန်များကို ကျန်းမာရေးနှင့်ကိုက်ညီသည့် အစားအသောက်များဖြစ်ရန် လိုအပ်ကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံကဏ္ဍ၊ စက်မှုကဏ္ဍ၊ ခရီးသွားကဏ္ဍ၊  စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍများကို အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက အခွန်ကောက်ခံခြင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနှင့် လုပ်ငန်းစီမံကိန်းများဆောင်ရွက်နေမှု၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ၊ လမ်းပန်းဆက်သွယ်ရေးကိစ္စရပ်များ၊ နေပြည်တော်အတွင်း သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံနေမှုများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်တို့က ဖြည့်စွက်ဆွေးနွေးကြသည်။ 


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ရှင်းလင်းတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။


ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)