ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း တတိယအကြိမ်မြောက် မဲခေါင်-လန်ချန်း ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း တတိယအကြိမ်မြောက် မဲခေါင်-လန်ချန်း ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့တက်ရောက်


MNP ၊ စက်တင်ဘာ ၁၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ   ရေအရင်းအမြစ်ဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ယမန်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် တတိယအကြိမ်မြောက်  မဲခေါင်-လန်ချန်း  ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်သည်။

ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊  ကမ္ဘောဒီးယားဘုရင့်နိုင်ငံ၊ လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ထိုင်းဘုရင့်နိုင်ငံနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံတို့မှ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြပြီး မဲခေါင်-လန်ချန်း ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုစင်တာနှင့်  မဲခေါင်မြစ်ကော်မရှင်အပါအဝင်  အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ကြသည်။

တတိယအကြိမ်မြောက်  မဲခေါင်-လန်ချန်း ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်မှုဖိုရမ်၏ ဖွင့်ပွဲ အခမ်းအနား၌ ဒုတိယဝန်ကြီးက မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များသည်လည်း ဖိုရမ်၏ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲနှစ်ခုသို့ တက်ရောက်ဆွေးနွေးသည်။ ယခုကျင်းပသည့် ဖိုရမ်၏ ရလဒ်အဖြစ် တတိယအကြိမ်မြောက် မဲခေါင်-လန်ချန်း ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုဖိုရမ်၏ အကြံပြုချက်များကို အဖွဲ့ဝင်နိုင်ငံများ၏ တူညီဆန္ဒဖြင့် ထုတ်ပြန်နိုင်ခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း သည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာတန်ရူဗင်နှင့် သီးခြား တွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရေအရင်းအမြစ်ကဏ္ဍဆိုင်ရာ အဆင့်မြင့်ခရီးစဉ်များ အပြန်အလှန် စီစဉ်ရေး၊ မဲခေါင်-လန်ချန်း ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်ရေးအတွက် နည်းလမ်းများရှာဖွေသွားရေး၊ ရေနှင့်ဆက်စပ်သည့်စိန်ခေါ်မှုများ ဖြေရှင်းသွားရေးနှင့် နှစ်နိုင်ငံအကြား ရေအရင်းအမြစ်ကဏ္ဍ၌ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး  မစ္စတာလီဂူရင်က မဲခေါင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များအား ဂုဏ်ပြုဧည့်ခံသည့် ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။   


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)