ကုန်သွယ်ရေးဇုန်/စခန်းများတည်ဆောက်ရာတွင် နိုင်ငံတကာလုပ်ငန်းစဉ်နှင့်အညီ တစ်ဖက်နိုင်ငံများကဲ့သို့ နယ်စပ်မျဉ်းအနီး တည်ဆောက်နိုင်ရေးနှင့်စပ်လျဉ်း၍ လေ့လာသုံးသပ်ရေးကော်မတီ ပထမအကြိမ်အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကုန်သွယ်ရေးဇုန်/စခန်းများတည်ဆောက်ရာတွင် နိုင်ငံတကာလုပ်ငန်းစဉ်နှင့်အညီ တစ်ဖက်နိုင်ငံများကဲ့သို့ နယ်စပ်မျဉ်းအနီး တည်ဆောက်နိုင်ရေးနှင့်စပ်လျဉ်း၍ လေ့လာသုံးသပ်ရေးကော်မတီ ပထမအကြိမ်အစည်းအဝေးကျင်းပ


MNP ၊ စက်တင်ဘာ ၁၅

ကုန်သွယ်ရေးဇုန်/စခန်းများ တည်ဆောက်ရာတွင် နိုင်ငံတကာလုပ်ငန်းစဉ်နှင့်အညီ တစ်ဖက်နိုင်ငံများကဲ့သို့ နယ်စပ်မျဉ်းအနီး တည်ဆောက်နိုင်ရေးနှင့် စပ်လျဉ်း၍ လေ့လာသုံးသပ်ရေးကော်မတီ ပထမအကြိမ်အစည်းအဝေးကို ယမန်နေ့က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ လေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်း တက်ရောက်ဆွေးနွေးမှာကြားသည်။

ဦးစွာကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက နယ်စပ်စစ်ဆေးရေးစခန်းများကို တစ်ဖက်နိုင်ငံ နယ်စပ်စစ်ဆေးရေးစခန်းများကဲ့သို့ နယ်စပ်စည်းမျဉ်းနှင့်အနီးဆုံးတွင် ထားရှိဆောင်ရွက်ခြင်း၊ နယ်စပ်စစ်ဆေးရေးဂိတ်များကို တစ်ဖက်နိုင်ငံ နယ်စပ်စစ်ဆေးရေးစခန်းများနှင့်ကပ်လျက် နယ်စပ်အနီး ဆောင်ရွက်ခြင်းတို့ဖြင့် တင်သွင်း/တင်ပို့မှု၊ လူပုဂ္ဂိုလ်ဝင်ရောက်မှုများ ပိုမိုကြပ်မတ်နိုင်မည့်အပြင် တစ်ဖက်နိုင်ငံနှင့် ကုန်သွယ်မှုစာရင်းမကိုက်ညီမှုများ လျော့နည်းသွားမည်ဖြစ်ခြင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများအား အိမ်နီးချင်းနိုင်ငံများနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်မည်ဖြစ်ခြင်းတို့ကြောင့် ကုန်သွယ်ရေးဇုန်/စခန်းများ တည်ဆောက်ရာတွင် နိုင်ငံတကာလုပ်ငန်းစဉ်နှင့်အညီ တစ်ဖက်နိုင်ငံများကဲ့သို့ နယ်စပ်မျဉ်းအနီး တည်ဆောက်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက “ကုန်သွယ်ရေးဇုန်/စခန်းများ တည်ဆောက်ရာတွင် နိုင်ငံတကာလုပ်ငန်းစဉ်နှင့်အညီ တစ်ဖက်နိုင်ငံများကဲ့သို့ နယ်စပ်မျဉ်းအနီး တည်ဆောက်နိုင်ရေးအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်ရန်” ဆုံးဖြတ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ လေ့လာသုံးသပ်အစီရင်ခံရေးကော်မတီကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါကြောင်း။

ယခုလက်ရှိ မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးစခန်းများအနက်အချို့မှာ နယ်စပ်မျဉ်းနှင့်ဝေးကွာပြီး၊ လူနေမြို့ရွာများသို့ ရောက်ရှိဖြတ်သန်းပြီးမှသာ ကုန်သွယ်ရေးစခန်းသို့ ရောက်ရှိသဖြင့် မြို့ရွာများတွင် ကုန်ပစ္စည်းများစုပုံ၍ ရှောင်ကွင်းလမ်းများမှ တရားမဝင်ကုန်သွယ်မှုများ ပြုလုပ်ရန်အခွင့်အလမ်းများ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ပြင်နယ်စပ်မျဉ်းနှင့် ကုန်သွယ်ရေးစခန်းများကြားရှိ မြို့ရွာများတွင် နေထိုင်သူများသုံးစွဲသည့် ဒေသသုံးကုန်စည်များသည် မိမိတို့နိုင်ငံ၏ သွင်းကုန်စာရင်းတွင် မပါဝင်သည့် တစ်ဖက်ကုန်သွယ်ဖက် နိုင်ငံများ၏ပို့ကုန်စာရင်းနှင့် ကွဲလွဲခြားနားချက်များ ရှိနေကြောင်းကိုလည်း စိစစ်တွေ့ရှိရကြောင်း။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာသဘောတူညီချက်များဖြစ်သော ASEAN Framework Agreement on the Facilitation of Goods in Transit (AFAFGIT) နှင့် Greater Mekong Sub-Region Cross Border Transport Agreement (GMS-CBTA) တို့အရဆက်လက်ဆောင်ရွက်မည့် ASEAN Customs Transit System (ACTS) များ၊ Single Window Inspection (SWI) နှင့် Single Stop Customs Inspection (SSCI) လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သဖြင့် မိမိတို့၏ နယ်စပ်စစ်ဆေးရေးစခန်းများသည် တစ်ဖက်နိုင်ငံ နယ်စပ်စစ်ဆေးရေးစခန်းများကဲ့သို့ နယ်စပ်မျဉ်းနှင့် အနီးဆုံးတွင်ရှိရန် လိုအပ်သည်ကို တွေ့ရှိရကြောင်း။

တိုင်းဒေသကြီး/ပြည်နယ်လုပ်ငန်း ကော်မတီများအနေဖြင့် လက်ရှိစခန်းများအပေါ် အားသာချက်၊ အားနည်းချက်များ ဖော်ထုတ်ခြင်း၊ သုံးသပ်အကြံပြုခြင်းတို့ကို ဆောင်ရွက်ပေးပါရန်နှင့် နောက်အနာဂတ်တွင် ကုန်သွယ်ရေးဇုန်/စခန်းများ တည်ဆောက်ရာ၌ နိုင်ငံတကာစံနှုန်း/ လုပ်ငန်းစဉ်များ၊ နိုင်ငံတော်၏ တည်ဆဲဥပဒေများနှင့် ညီညွတ်ရေး၊ တရားမဝင်ကုန်သွယ်မှု လျော့နည်းပပျောက်ရေးတို့အတွက် ဆောင်ရွက်သင့်သည့်အချက်များကို သုံးသပ်တင်ပြ ပေးကြရန်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ကော်မတီဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက်ဆွေးနွေးတင်ပြကြပြီး ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment