EV ဘက်ထရီ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

EV ဘက်ထရီ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကျင်းပ

 


MNP ၊ စက်တင်ဘာ ၉

EV ဘက်ထရီ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ ဆပ်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/ ၂၀၂၃) ကို ယမန်နေ့က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ ကျင်းပသည်။


အစည်းအဝေးသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်း အတွင်းဝန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ နည်းပညာမြှင့်တင် ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ အော်တိုမိုးတစ်(ဖ)အသင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်များ တက် ရောက်ကြသည်။


အစည်းအဝေးတွင် ဒုတိယဝန်ကြီးက EV ဘက်ထရီများကို စနစ်တကျ သုံးစွဲနိုင်ရေး၊ စွန့်ပစ်ပစ္စည်းများမှ ပြည်သူ့ကျန်းမာရေးနှင့် နိုင်ငံ့ရေမြေသဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးထိခိုက်မှုများ လျှော့ချနိုင်ရေးအတွက်လည်းကောင်း၊ EV ဘက်ထရီ ထုတ်လုပ်ရေးဆိုင်ရာ သယံဇာတရင်းမြစ်များသည် အကန့်အသတ်ရှိသဖြင့် အချိန်မတိုင်မီစွန့်ပစ်ခြင်းမှ ကြိုတင်ကာကွယ်မှု၊ ပထမသက်တမ်းအတွက် အသုံးပြုပြီးသား ဘက်ထရီဆဲလ်များကို ဒုတိယ သက်တမ်းအတွက် ပြန်လည်အသုံးပြုခြင်း၊ ဘက်ထရီများရှိ အဖိုးတန်ကုန်ကြမ်းများကို ပြန်လည်ထိန်းသိမ်းအသုံးချခြင်း၊ စွမ်းအင်အတွက် ပြန်လည်ရယူထားသော ဘက်ထရီပစ္စည်းများကို အသုံးပြုခြင်း၊ ဘက်ထရီများရှိ အဖိုးတန်ပစ္စည်းများ လုံးဝကုန်ဆုံးချိန်မှသာ စွန့်ပစ်ခြင်းတို့အတွက် လုပ်ငန်းစဉ်များအလိုက် စည်းမျဉ်းစည်းကမ်းနှင့် လိုက်နာရမည့်အချက်များ (မူကြမ်း)များကိုလည်းကောင်း၊ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ် နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီထံ တင်ပြဆောင်ရွက်သွားရန် ရှိပါကြောင်း၊ EV ဆိုင်ရာ စံချိန်စံညွှန်း ၁၈ ခုတို့ကို သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီး EV ဘက်ထရီအတွက်ခြောက်ခု ပါဝင်ကြောင်း၊ EV ဘက်ထရီ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ သုတေသန၊ နည်းပညာနှင့် HR ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ EV သုံးစွဲသူ ပြည်သူများ၏ လက်ဝယ် အရောက် ဘက်ထရီသက်တမ်းကြာရှည်ခံစွာ သုံးစွဲမှု ဆိုင်ရာများ၊ ဘေးကင်းစွာထိန်းသိမ်းမှုနှင့် စွန့်ပစ်မှု ဆိုင်ရာလုပ်ငန်းစဉ်များ၊ အသိပညာဖြန့်ဝေပေးရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)