ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မိုခါဆိုင်ကလုန်းမုန်တိုင်း ဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီပစ္စည်းများ တင်ဆောင်လာသည့်ကုန်တင်လေယာဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မိုခါဆိုင်ကလုန်းမုန်တိုင်း ဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီပစ္စည်းများ တင်ဆောင်လာသည့်ကုန်တင်လေယာဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ













MNP ၊ စက်တင်ဘာ ၉

ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံကပေးအပ်သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီပစ္စည်းများ တင်ဆောင်လာသော ရုရှားနိုင်ငံမှ ကုန်တင်လေယာဉ်သည် ယနေ့နံနက် ၄ နာရီ မိနစ် ၂၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်၊၊


ဦးစွာ ရောက်ရှိလာသည့် အကူအညီပစ္စည်းများကို ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူတို့က ကြည့်ရှုစစ်ဆေးကြသည်၊၊


ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မိုခါဆိုင်ကလုန်းမုန်တိုင်း ဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲကို နံနက်(၉)နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဧည့်ခန်းမဆောင်၌ ကျင်းပသည်၊၊


အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ ကောင်စစ်ဝန် Mr. Andrei Lunak နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်၊၊


အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ ကောင်စစ်ဝန် Mr. Andrei Lunak ကလှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ကျေးဇူးတင်စကား ပြောကြားသည်၊၊


ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းနှင့် ရုရှားနိုင်ငံ EMERCOM မှ Mr. Andrei KHOMENKO တို့က မိုခါဆိုင်ကလုန်း မုန်တိုင်းဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီပစ္စည်းများကို လွှဲပြောင်းလက်ခံလက်မှတ်ရေးထိုးပြီး လဲလှယ်ကြသည်၊၊


ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ ကောင်စစ်ဝန် Mr. Andrei Lunak ထံဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး လူသားချင်းစာနာမှု အကူအညီပစ္စည်းများကို လှည့်လည်ကြည့်ရှုကြသည်၊၊


မိုခါဆိုင်ကလုန်းမုန်တိုင်း ဘေးသင့်ပြည်သူများအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ တင်ဆောင်လာသော အကူအညီပစ္စည်းများတွင် ငါးသေတ္တာဘူး (Preserved Fish) ၁၃ ဒသမ ၉၅ တန်၊ ပါစတာ(Macaronl) ၁၀ ဒသမ ၅ တန်၊ မိုးကာတဲ(၁၀)ဦးဆံ့ ၂၅ လုံး ၂ ဒသမ ၉ တန်၊ မီးစက်(Mobile Electric Power Station)၁လုံး ၂ ဒသမ ၈ တန်တို့ ဖြစ်ကြောင်း သိရသည်၊၊


မိုခါဆိုင်ကလုန်းမုန်တိုင်း ဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပစ္စည်းများကို နိုင်ငံတော်အစိုးရအနေဖြင့် ထောက်ပံ့ပေးလျက်ရှိရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးမူကို လက်ကိုင်ထား၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ ဝန်ကြီးဌာနအသီးသီးတို့နှင့် ချိတ်ဆက်၍ အချိန်နှင့်တစ်ပြေးညီ ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း  သိရသည်၊၊


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)