MNP ၊ စက်တင်ဘာ ၉
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Shukshin Altai State University for Humanities and Pedagogy တို့ပူးပေါင်း၍ မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်တွင် ရုရှားဘာသာဌာန၊ ရုရှားဘာသာစကားသင်တန်းနှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင် ရာရုရှားကောင်စစ်ဝန် Mr.Pavel Kablukov ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာရုရှား ကောင်စစ်ဝန်တို့က တက္ကသိုလ်ပင်မဆောင်ရှေ့တွင် အခမ်းအနား ပထမပိုင်းအစီအစဉ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ကြွရောက်လာသည့်ဧည့်သည်တော်များအား ရုရှားဓလေ့ရိုးရာ ထုံးတမ်းအစဉ်အလာဖြင့် ကျွေးမွေးဧည့်ခံကြိုဆိုကြပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ရှရှားကောင်စစ်ဝန်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ရုရှားဘာသာစကားဌာန(Russian language office) ဆိုင်းဘုတ်ကို အမွှေးနံ့သာရေဖြင့် ပက်ဖြန်းပေးကြသည်။
ယင်းနောက် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ သီရိရတနာခန်းမ၌ အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် အနာဂတ်ပညာရေးမြင့်မားရေးအတွက် ဦးစားပေးပံ့ပိုးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံမှတက္ကသိုလ်များကို နိုင်ငံခြားတက္ကသိုလ်များနှင့် နားလည်မှုစာချွန်လွှာ(MoU) ရေးထိုး၍ မိတ်ဖက်ဆက်ဆံရေးများ ထူထောင်နေပါကြောင်း၊ ရှရုားဖက်ဒရေးရှင်းနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့အကြား ထာဝရမိတ်ဆွေဖြစ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရန် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် က မန္တလေးမြို့တွင် ရုရှားဘာသာစကားဌာနဖွင့်လှစ်ခြင်းကို ကြိုဆိုပါကြောင်း နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာရုရှားကောင်စစ်ဝန် Mr.Pavel Kablukov က ဝမ်းမြောက်စကား ပြောကြားသည်။
ယင်းနောက် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်နှင့် ရုရှားနိုင်ငံ ASUHP တို့ ပူးပေါင်းဆောင်ရွက်မှု ဗီဒီယိုကလစ်ကိုပြသပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်၍ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြကာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယဉ်ကျေးမှုပြခန်းသို့ သွားရောက်၍ တရုတ်၊ ထိုင်း၊ ဂျာမန်၊ ကိုရီယား၊ ဂျပန်၊ ရုရှားတို့၏ ရိုးရာယဉ်ကျေးမှုပြကွက်များကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရတနာပုံတက္ကသိုလ်သို့ သွားရောက်၍ ရတနာပုံတက္ကသိုလ်စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုစစ်ကာ တက္ကသိုလ်စာကြည့်တိုက်နှင့် ဘာသာရပ်ဌာနစာကြည့်တိုက်များတွင် စာအုပ်များကို နှစ်စဉ်ဖြည့်ဆည်းပေးသွားရန် စီစဉ်ဆောင်ရွက်ပေးသည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတက္ကသိုလ်ရှိ တက္ကသိုလ်သုတေသနစင်တာသို့ သွားရောက်၍ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊ သုတေသနဆောင်ရွက်ရာတွင် အသုံးပြုသည့်စက်ပစ္စည်းများကို အကျိုးရှိရှိ အသုံးချဆောင်ရွက်ရေး၊ စနစ်တကျကိုင်တွယ်၍ စည်းကမ်းရှိရှိ အသုံးပြုဆောင်ရွက်ရေးတို့ကို မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment