MNP ၊ စက်တင်ဘာ ၁၅
ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သောမိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၂ နာရီက ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေး က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကိုကိုအောင် က သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) အကြောင်း ပရိုဂျတ်တာဖြင့် အသိပေးရှင်းလင်းပြောကြားရာတွင် သားအိမ်ခေါင်းကင်ဆာသည် ကမ္ဘာတစ်ဝန်းတွင်အမျိုးသမီးများ၌ စတုတ္ထမြောက် အဖြစ်အများဆုံးကင်ဆာဖြစ်ပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်သောအမျိုးသမီးများ ဒုတိယမြောက် အဖြစ်အများဆုံးဖြစ်သောကြောင့် ကာကွယ်ဆေးထိုးသင့်ကြောင်း၊ မြန်မာနိုင်ငံတွင်သုံးစွဲမည့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး လေးမျိုးစပ် (HVP) ကာကွယ်ဆေးသည် ဘေးအန္တရာယ်ကင်းရှင်းပြီး ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်နိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ဆရာမကြီးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းမင်းစိုး
https://t.me/MyanmarNationalPost




No comments:
Post a Comment