MNP ၊ စက်တင်ဘာ ၁၉
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် အ.ထ.က-မြို့မကျောင်းတွင် (အသက်၉နှစ်မှ ၁၂နှစ်)အတွင်းရှိ ကျောင်းသူများအား (HPV)သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀နာရီအချိန်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အဆိုပါကျောင်းသို့ သွားရောက်၍ ဆက်လက်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ထိုသို့(HPV)သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးရာ၌ (၁-၉-၂၀၁၁မှ ၃၁-၈-၂၀၁၄)ရက်အတွင်း မွေးဖွားသည့် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သေးသော ကျောင်းသူများအား ကာကွယ်ဆေးမထိုးနှံမီ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကိုကိုအောင် ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသူများအား စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကိုဆောင်ရွက်ပေးပြီးနောက် (HPV)သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးအား စနစ်တကျထိုးနှံပေးခဲ့ပြီး ဆရာမများက လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ (၁၈)ရက်နေ့က အ.ထ.က-ပေါက်တောကျောင်းမှ (၇၂)ဦး၊ စက်တင်ဘာ (၁၉)ရက်နေ့တွင် အ.ထ.က-မြို့မကျောင်းမှ (၄၅)ဦးတို့ထိုးနှံပေးခဲ့ပြီး၊ မြို့နယ်အတွင်း ကျန်ရှိသောအခြေခံပညာကျောင်းများကို သတ်မှတ်ရက်ကာလအတွင်း သက်မှတ်ချက်နှင့်ကိုက်ညီသည့် ကျောင်းသူများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများထံမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment